တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်စကားဝိုင်း ပြုလုပ်

တာချီလိတ် ဇူလိုင် ၂၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးနှင့်လေးကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်က လူငယ်တွေအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာ၊ ဗဟုသုတများတိုးတက်ရရှိစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်ထွေးက နယ်စပ်ဒေသမှ တိုင်းရင်းသားလူမျိုးများ လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးတိုးတက်စေရေး မူဝါဒများချမှတ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် တာချီလိတ်မြို့နယ် စာရေးဆရာအသင်း နာယက ဦးစိုးစိုးက ပညာနှင့် သုတအဓိပ္ပာယ်၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ဗလငါးတန်အကြောင်း ဦးဆောင်ဆွေးနွေးပြောကြားခဲ့ရာ သင်တန်းသူများမှ စာဖတ်ခြင်းမှ ရရှိသည့် အကျိုးကျေးဇူးများ၊ လူငယ်များအတွက် အကျိုးပြု စာပေနှင့် အဆိပ်အတောက်ဖြစ်စေသည့် စာပေများခွဲခြားသိမြင်နိုင်ရန် အချက်များ၊ သတင်းအမှား၊ အမှန် ဝေဖန်ပိုင်ခြားသိမြင်နိုင်ရေး အသိပညာဗဟုသုတများပြည့်ဝရန် မည်သည့်စာပေမျိုးဖတ်သင့်သည်တို့ကို မေးမြန်းဆွေးနွေးခဲ့ရာ စာရေးဆရာအသင်းနာယကဆရာ ဦးစိုးစိုးမှ မေးမြန်းချက်များအား ပြန်လည်ဆွေးနွေးရှင်းလင်း ဖြေကြားခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များအား သင်တန်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)