ကွတ်ခိုင်မြို့တွင် (၁၉)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယဓမ္မာနုဂ္ဂဟစာမေးပွဲတော် ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

ကွတ်ခိုင် ဇူလိုင် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် (၁၉)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယဓမ္မာနုဂ္ဂဟစာမေးပွဲတော် ဆုနှင်းသဘင်အခမ်းအနားကို ယနေ့ နေ့လယ် (၁:၀၀)အချိန်က အမှတ်(၅) ရပ်ကွက်၊ ကေဝလမာရ်အောင် ပရိယတ္တိစာသင်တိုက်တွင် ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာအခမ်းနားကို "နမောတဿ ဗုဒ္ဓဝန္ဒနာ” (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ (၅)ပါးသီလတရားတော် ခံယူဆောက်တည်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားတော်မူသော မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။ ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်မှ သြဝါဒစကား မိန့်ကြားတော်မူပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ စာမေးပွဲ၌ အတန်းအသီးသီးမှ ပထမ၊ ဒုတိယ၊ တတိယ စာအောင်သံဃာတော်အရှင်သူမြတ်တို့အား အောင်လက်မှတ်နှင့် စာအောင်ဆုများကို ကွတ်ခိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်နှင့် တာဝန်ရှိသူများက ချီးမြှင့် ဆက်ကပ်ခဲ့ကြသည်။ ဆက်လက်၍ အလှူငွေကျပ်(၁)သိန်းနှင့်အထက် အလှူရှင်မိသားစုများကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ 

ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ အနုမောဒနာတရားတော်နာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား ဩကာသကန်တော့ချိုးဖြင့် ကြည်ညိုကန်တော့ကာ "ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု" (၃) ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)