ပင်းတယ ဇူလိုင် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် သီးနှံအခြေခံ ယို၊ ဖျော်ရည် အမျိုးမျိုးနှင့် သီးနှံခြောက် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူး၊ ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများတက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ဒေသအတွင်းထွက်ရှိသော သီးနှံများကိုအခြေခံပြီး တန်းဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်တဲ့ လုပ်ငန်းရှင်များပေါ်ထွက်လာစေရန်၊ One Village One Product အဖြစ် ထုတ်ကုန် အသစ်များပေါ်ထွက်လာစေရန်၊ မိမိဒေသထွက်သီးနှံများအား တန်ဖိုးမြှင့်စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ စားသောက်ကုန်ထုတ်လုပ်မှုဆိုင်ရာ ဉပဒေညွှန်ကြားချက်များကို သိရှိလာစေရန်၊ ကျေးလက်ဒေသဆင်းရဲမှုလျှော့ချရေးအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှ သင်ကြားပို့ချပေးမည့် သင်ခန်းစာများကိုဂရုတစိုက်ကြိုး စားသင်ယူပြီး သင်တန်းမှရရှိသည့် နည်းပညာ များဖြင့် စားသောက်ကုန်များကို စနစ်တကျထုတ်လုပ်နိုင်ပါက အခြားနိုင်ငံများရဲ့ ကုန်ပစ္စည်းလွှမ်းမိုးမှုကို အကာအကွယ်ဖြစ်စေမည့်အပြင် ဒေသတွင်းဝင်ငွေလည်းတိုးလာမည်ဖြစ်ကြောင်း၊ ယခုသင်တန်းကို တက်ရောက်ခွင့်ရရှိကြတဲ့ သင်တန်းသား/သင်တန်းသူများအနေဖြင့် ရရှိတဲ့အခွင့်အရေးကို အကျိုးရှိအောင် သင်ကြားပေးတဲ့ ပညာရပ်များကို ကျွမ်းကျင်အောင် လေ့လာသင်ယူပြီး တစ်နိုင်တစ်ပိုင် လုပ်ငန်းငယ်များ ထူထောင်လုပ်ကိုင်ခြင်းဖြင့် မိမိတို့ရဲ့မိသားစုစီးပွားရေး၊ မိမိတို့ဒေသဖွံ့ဖြိုးရေးတို့ကို အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက သင်တန်းနှင့် ပတ်သက်သည်များအား ရှင်းလင်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းအား ဈေးတန်းရပ်ကွက်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျွမ်းကျင်သော နည်းပြဆရာမ (၂)ဦးဖြင့် သင်ခန်းစာ (၂၅)မျိုးကို ဇူလိုင်လ ၂၆ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့အထိ စာတွေ့ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ (၂၀)ဦး တက်ရောက်ကြမည်ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)