မအီမြို့တွင် ရာသီပေါ် ဒေသထွက်ဒညင်းသီးများ ဈေးကောင်းရရှိ

မအီ ဇူလိုင် ၂၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင် ကျေးရွာများမှထွက်ရှိသည့် ရာသီပေါ်ဒေသထွက် ဒညင်းသီးများမှာ ရှားပါးလာချိန်ဖြစ်၍ ဒညင်းခြံ ပိုင်ရှင်များနှင့် ရောင်းချသူများမှာ ဈေးကောင်းရရှိ၍ အပိုဝင်ငွေရရှိကြောင်း ဒညင်းသီး ကုန်သည်များမှ သိရသည်။

မအီဒေသထွက် ဒညင်းသီးများကို မေလအလယ်လောက်တွင် စတင်ရောင်းချရပြီး ဒညင်းသီး လှိုင်လှိုင်ပေါ်ချိန် ဇွန်လအတွင်း၌ ဈေးကောင်းမရရှိခဲ့သော်လည်း ဒညင်းသီးရှားပါးလာချိန် ဇူလိုင် လကုန်ပိုင်းတွင် တစ်တင်းလျှင် လက်ကားဈေး ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ ရရှိကြောင်း၊ တစ်တင်းလျှင် အလုံးရေ ၁၀၀၀ မှ ၁၂၀၀ ခန့်အထိ ပါရှိကြောင်း၊ လက်လီဈေးအနေဖြင့် ဒညင်းသီး အလုံးရေ ၁၀၀ လျှင် ပမာဏအကြီးအသေးလိုက်၍ ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ ရောင်းချရကြောင်း မအီမြို့မဈေးကြီး၌ ဒညင်းသီး လက်လီရောင်းချသူ ဒေါ်သန်းသန်းဝင်းက ပြောကြားသည်။

အဆိုပါ ရာသီပေါ် ဒေသထွက်ဒညင်းသီးများကို မအီမြို့ပေါ်ရပ်ကွက်များနှင့် အညင်းတောင်၊ လက်ပံ၊ ဆံထုံး၊ ကုပ္ပေ၊ ချက်ဖောက်စသည့် ပတ်ဝန်းကျင်ကျေးရွာများမှ အများအားဖြင့်ထွက်ရှိပြီး ရန်ကုန်-စစ်တွေလမ်းမကြီးမှတဆင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြောက်ဦး စသည့် ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမြို့နယ်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

မောင်မောင်ဌေး