မိုင်းငေါ့ ဇူလိုင် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ် လူရွယ်များ အသိပညာ တိုးပွားစေရန်၊ ဉာဏ်ရည် ဉာဏ်သွေးထက်မြတ်စေရန်၊ တီထွင်ဖန်တီးတက်စေရန်၊ ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ယမန်နေ့ညနေ (၃)နာရီအချိန်က ကျင်းပပြုလုပ်လျက်ရှိရာ စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်ဖတ်ရှုငှားရမ်းကြသော ကျောင်းသား/သူလေးများအား အရုပ်ဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ပြိုင်ပွဲများ ကျင်းပပေးရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး အရုပ်ဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ရာ အခြေခံပညာမူလတန်းကျောင်း၊ အ.မ.က(မန်လုံ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူလေးများ အသိပညာဗဟုသုတ ရရှိစေမည့် ပြပွဲ၊ ပြိုင်ပွဲများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့၊ ပြန်/ဆက်)