နေပြည်တော် ဇူလိုင် ၂၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ ရွာမကွင်းအမှတ်(၁၆၇၂)ရှိ မိုးစပါးစိုက်ပျိုးရန်အတွက် မျိုးစပါးပျိုးထောင်ထားရှိသည့် ပျိုးခင်းနှင့် မြေပြင်ခြင်း၊ စိုက်ပျိုးခြင်းသရုပ်ပြခြင်းကို ကြည့်ရှုပြီး Myanmar New Ayeyar စိုက်ပျိုးရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးစိုးလင်းထွန်းက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ လိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တက်ရောက်လာကြသည့် တောင်သူများ၊ မျိုးစေ့ထုတ် ကုမ္ပဏီများနှင့်တွေ့ဆုံကာ ၎င်းတို့၏ တင်ပြချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်အဖွဲ့သည် Myanmar New Ayeyar စိုက်ပျိုး ရေးကုမ္ပဏီမှ ဆောင်ရွက်နေသည့် နယူးဧရာ(၁) စပ်မျိုးစပါး ပျိုးထောင်နေမှု၊ နှံကောက်ထွန်း မျိုးစပါး ပျိုးထောင်နေမှုများနှင့် ကောက်စိုက်နေမှုများကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နယူးဧရာ(၁) စပ်မျိုးစပါးနှင့် နှံကောက်ထွန်း စပါးမျိုး တို့အား(၃)ဧကစီ စမ်းသပ်စိုက်ပျိုးသွားမည်ဖြစ်ပြီး စပါးစိုက်ပျိုးချိန်၊ အပင်ဖြစ်ထွန်းချိန်နှင့် ရိတ်သိမ်းချိန်တို့တွင် စဉ်ဆက်မပြတ် လေ့လာကြည့်ရှု၍ ဒေသအတွင်း အောင်မြင်ဖြစ်ထွန်းမှု၊ ရည်မှန်းအထွက်နှုန်းဖြစ်သော တစ်ဧကလျှင် တင်း ၁၈၀ မှ ၂၀၀ ထိ ရရှိမှု ရှိ/မရှိကို လေ့လာအကဲဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင်နှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ပန်းတင် ကျေးရွာရှိ ဒေါ်မေသွေးကို၏ ဟိန်းမဟာ အသားတိုးကြက် မွေးမြူရေးခြံသို့ ရောက်ရှိရာ လယ်ဝေးခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်သိန်းက နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်နေသည့် မွေးမြူရေးလုပ်ငန်းများကိုလည်းကောင်း၊ မွေးမြူရေးလုပ်ငန်းရှင် ဦးဟိန်းထက်ကျော်က လက်ရှိ အသားတိုးကြက်မွေးမြူနေမှုနှင့် ရှေ့ဆက်လက် တိုးချဲ့မွေးမြူမည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင်သည် ဟိန်းမဟာ အသားတိုး ကြက် မွေးမြူရေး ခြံအတွင်း အသားတိုးကြက် မွေးမြူထားရှိမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်၊ အေလာကျေးရွာအနီး ရန်ကုန်-မန္တလေး မြို့ရှောင်လမ်းဘေးတွင် နွေစပါးများနေလှန်း၍ စပါးစက်များထံသို့ ပေးပို့နေမှုအား ကြည့်ရှုအားပေး၍ ရာသီဥတုကြောင့် စပါးများမပျက်စီးရေး၊ အလေအလွင့်မရှိရေးနှင့် စနစ်တကျကြိတ်ခွဲရောင်းချရေးတို့ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့မှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာရှိ ဒေါက်တာ ကိုကိုနိုင်၏ အသားတိုးကြက် မွေးမြူရေးခြံသို့ ရောက်ရှိရာ ခြံမန်နေဂျာ ဉီးသန်းဇော်က အသားတိုးကြက်များ မွေးမြူထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး မွေးမြူရေးလုပ်ငန်းရှင်များ လက်ရှိမွေးမြူရေး လုပ်ငန်းများနှင့် ရှေ့ဆက်လက် တိုးချဲ့မွေးမြူမည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး အဆင့်မြင့်အသားတိုးကြက်များ မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင်နှင့် အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ ကံဦးကျေးရွာရှိ ဦးခိုင်ထွန်း၏ ဥစားဘဲမွေးမြူရေးခြံသို့ ရောက်ရှိပြီး ဥစားဘဲများ မွေးမြူထားရှိမှု အခြေအနေများကိုလည်းကောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မွေးမြူရေးလုပ်ငန်းများနှင့် ဆက်လက်တိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်းကောင်း မွေးမြူရေးလုပ်ငန်းရှင်များက ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားကာ သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဥစားဘဲများ မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်အတွင်းရှိ အောင်မြေရိပ်သာကျေးရွာ၌ CP အသားတိုးဝက် မွေးမြူရေးခြံသို့ ရောက်ရှိရာ ကောင်းမွန်သော မွေးမြူရေးစနစ်ဖြင့် လိုက်နာဆောင်ရွက်နေမှုအခြေအနေကို ခြံတာဝန်ခံက တင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် အဆင့်မြင့်မွေးမြူရေး ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ အဆင့်မြင့်မွေးမြူရေးစနစ်ဖြင့် မွေးမြူနိုင်ရေး၊ မွေးမြူရေးကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှု မလုံလောက်မှုအပေါ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ထုတ်ချေးပေးနိုင်ရေး၊ ရောဂါကြောင့် ဆုံးရှုံးမှုမရှိစေရေး ကောင်းမွန်သည့် မွေးမြူရေးကျင့်စဉ်အား အပြည့်အဝ လိုက်နာကျင့်သုံးလာစေရေး၊ ထုတ်ကုန်အရည်အသွေးမီစေရေး၊ အဆင့်အတန်းမီစေရေးနှင့် အစားအစာဘေးကင်းလုံခြုံစေရေး ဆိုင်ရာလုပ်ငန်းများ ဖြစ်လာစေရေး၊ သက်ဆိုင်ရာ မွေးမြူရေးလုပ်ငန်းကော်မတီ အဆင့်ဆင့်က မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်မြင်စေရေးနှင့် ဥပဒေအရ တရားမဝင်နည်းလမ်း များဖြင့် ဝင်ရောက်လာသော တိရစ္ဆာန်ထွက်ပစ္စည်းများကို စနစ်တကျ ထိန်းကြောင်း တားဆီးကြပ်မတ်နိုင်ရေး တာဝန်ရှိသူများအား မှာကြားပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)