ပူတာအို ဇူလိုင် ၂၆
စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကချင်ပြည်နယ်၊ ပူတာအိုခရိုင်စိုက်ပျိုးရေးဦးစီး ဌာန၏ကြီးကြပ်မှုဖြင့် တောင်သူများစနစ်တကျ ပေါင်းကာကွယ်နှိမ်နှင်းနည်းစနစ် သိရှိကျင့်သုံးတတ်စေရန်၊ သီးနှံပင်သက်တမ်းတစ်လျောက် ကြွက်ဖျက်စီးမှုအန္တရာယ် ကြိုတင်ကာကွယ်တတ်စေရန်နှင့် ကြွက်ကျရောက် ဖျက်စီးမှုရှိပါက နှိမ်နှင်းနည်းစနစ်များ သိရှိလိုက်နာကျင့်သုံးတတ်စေခြင်းအားဖြင့် သီးနှံဖျက်စီးမှုနှင့်သီးနှံ အထွက်နှုန်းထိခိုက်မှု အတတ်နိုင်ဆုံးလျော့နည်းစေခြင်းအားဖြင့် တောင်သူ၏အကျိုးစီးပွားအားထိခိုက်မှု မဖြစ်ပေါ်စေရေးအတွက် ပေါင်းနှင့်ကြွက်ကာကွယ်နှိမ်နှင်းရေး TOT ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင် (၂၆) ရက် နံနက် (၉) နာရီခွဲက အဆိုပါရုံးအစည်းအဝေး ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး က ကချင်ပြည်နယ်ဝန်ကြီးချုပ်၏လမ်းညွှန်မှာကြားချက်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက်၍ လုပ် ဆောင်ရမည့်အချက်များကို သင်တန်းသားသင်တန်းသူများအားရှင်းလင်းပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးမြင့်ထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။
သင်တန်းတွင် ရန်ကုန်မြို့ လှည်းကူးမြို့နယ် CARTC သင်တန်းကျောင်းတွင်ဖွင့်လှစ်ပို့ချခဲ့သည့် ကြွက်နှင့်ပေါင်းကာကွယ်နှိမ်နှင်းရေး TOT သင်တန်းအမှတ်စဉ်(၁/၂၀၂၃)သို့တက်ရောက်ခဲ့သည့် ပူတာအိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒု-လက်ထောက်ဦးစီးမှူး ဒေါ်မေရီကပေါင်းနှင့်ကြွက် ကာကွယ်နှိမ်နှင်းရေးသင်ခန်းစာ များကိုဆင့်ပွားပို့ချပေးမည်ဖြစ်ပြီး ခရိုင်ဦးစီးမှူး၊ ခရိုင်မြေအသုံးချရေးတာဝန်ခံနှင့် ခရိုင်မျိုးစေ့တာဝန်ခံတို့က ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာရောစပ်သုံးစွဲနည်း၊ ပိုးမွှားကာကွယ်နှိမ်နှင်းနည်း၊မျိုးသန့်မျိုးစေ့ထုတ်လုပ်သုံး စွဲနည်းတို့အားဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသင်တန်းသို့ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်ငါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပညာ ဝန်ထမ်းစုစုပေါင်း (၃၂) ဦးတို့အား ဇူလိုင်(၂၆)ရက်မှ(၂၇)ရက်အထိ နှစ်ရက်ကြာဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး အခမ်းအနားသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးဒုတိယရဲမှူးကြီး သိန်းဆွေညွန့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)