မိုင်းဆတ် ဇူလိုင် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်(၃)နာရီက အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)လ-၁ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပညာရေးမှူးရုံး၊ ပညာဌာနစိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ဇင်မီမီဟန်က လူငယ်များသည် မိသားစုတစ်စုရဲ့ မျှော်လင့်ချက်နှင့် တိုင်းပြည်တစ်ခု၏ အနာဂတ်ဖြစ်ပါကြောင်း၊ အရည်အချင်းရှိတဲ့လူငယ်တွေ ဖြစ်လာစေရန် ပတ်ဝန်းကျင်ကောင်းနှင့် လေ့ကျင့်ပျိုး ထောင်မှုကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ လူသားအချင်းချင်း ပညာအရည်အချင်းတူသော်လည်း စာပေဖတ်ရှု့သူကသာ ပိုမိုအောင်မြင်သူများ ဖြစ်လာနိုင်ကြောင်း အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်မျိုးမျိုးသွယ်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ဦးနှောက်ခွန်အား ဖြစ်စေမည့် စာပေများ ဖတ်ရှုသင့်ကြောင်းပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လ-၁ ကျောင်းမှ Grade-9 ကျောင်းသူ မသီရိစံက “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူ မသွန်းရတနာထက်က “လူငယ်နှင့်မျှဝေခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မမိုးမမထွန်းက “လူငယ်နှင့် စိတ်ဓာတ်ရေးရာ”ခေါင်းစဉ်နှင့် Grade-11 ကျောင်းသူ မနန်းကေသီဝင်းက “လူငယ်နှင့်ဘဝရေးရာ” ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပေးအပ်သည့် အမှတ်တရ လက်ဆောင်ပစ္စည်းများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်နှင့် တာဝန်ရှိသူတို့က ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခြေခံပညာအထက်တန်းကျောင်း (ခွဲ)လ-၁ ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးရီက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်(မိုင်းဆတ်)