နမ္မတူမြို့နယ် မူလွန် (၃)ကျောင်း၌ “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်စို့” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

နမ္မတူ ဇူလိုင် ၂၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကျောက်မဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်စို့” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က အမှတ် (၃) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် ရှေးဦးစွာ အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးမာလွင်က အဖွင့်အမှာစကားပြောကြားပြီး ကျောက်မဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်ယုယုလှိုင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများတွင် ပြည်သူများ နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုကြောင်း၊ ယနေ့ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေသည့် အန္တရာယ်မှာ ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ် သို့မဟုတ် ပလတ်စတစ်ကဲ့သို့ စွန့်ပစ်အမှိုက်များ အန္တရာယ်ဖြစ်ကြောင်း၊ “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်စို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းမှ  ကျောင်းသား၊ ကျောင်းသူ ၅၀ ဦးခန့် တက်ရောက်ပြီး သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)