သီပေါမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်

သီပေါ ဇူလိုင် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့အမှတ်(၆) အခြေခံပညာလယ်တန်းကျောင်းခွဲ၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကြက်ခြေနီ အသင်းခွဲ တပ်ဖွဲ့မှူး ဒေါ်နန်းခင်ညွန့်လူက မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တပ်ဖွဲ့ဝင်များက ပေါက်ကွဲစေတတ်သော ပစ္စည်းများ၊ မိုင်း၊ မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေနိုင်သော စစ်လက်နက် အကြွင်းအကျန်များအကြောင်း၊ အဆိုပါ ပေါက်ကွဲစေနိုင်သော ပစ္စည်းများကြောင့် ဘေးအန္တရာယ်ကျရောက် ထိခိုက်နိုင်မှုများကို ဗွီနိုင်း၊ ပိုစတာများဖြင့် ရှင်းလင်းအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား မိုင်းအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များ ကိုဖြန့်ဝေပေးခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ် ကြက်ခြေနီအသင်းခွဲမှတာဝန်ရှိသူများက ရှင်းလင်းဖြေကြားပေးခဲ့ကြောင်းနှင့် အဆိုပါ မိုင်းအန္တရာယ် အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျန်ရှိနေသော အခြေခံပညာကျောင်းများတွင် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြိုနယ်ကြက်ခြေနီအသင်းခွဲမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)