လားရှိုး ဇူလိုင် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ပန်းခင်းစီမံချက်-၂ ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လားရှိုးမြို့၊ ရပ်ကွက်(၁၁) အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ကွင်းဆင်းဆောင်ရွက်ရာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးလင်းအောင် တို့က သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ပန်းခင်းစီမံချက်-၂ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုလူဦးရေ စာရင်းများကျန်ရှိမှု မဖြစ် ပေါ်စေရေးအတွက်ရည်ရွယ်၍ ပြုလုပ်ပေးလျက်ရှိရာ " လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ရပ်ကွက်၊ ကျေးရွာနေ ပြည်သူတိုင်းနိုင်ငံသားကတ်များရရှိစေလိုခြင်းဖြင့် ပြုလုပ် ပေးခြင်းဖြစ်ရာ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုလူဦး ရေစာရင်းများ စိစစ်ထုတ် ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အနေဖြင့် ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းကာ နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းများ ပြုလုပ်ပေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)