လောက်ကိုင်၊ ဇူလိုင် ၂၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းပွဲကို ဇူလိုင် (၂၄) ရက်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဒေသအတွင်းရှိ သံဃာတော်ကြီးများက ပရိတ်တရားတော်များ ချီးမြှင့်ပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အလှူရှင်များက ကျောင်းအလိုက်ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
အခမ်းအနားသို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ အတွင်ရေးမှူး ဦးမိုးဇော်လတ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းမြေ့ထွန်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစိုက်ပျိုးရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ပညာရေးဌာန စသည့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မိသားစုဝင်များ အခမ်းအနားကို တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချန်ထွန်းအောင် လောက်ကိုင်(ပြန်/ဆက်)