ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာတွင် မိုးရေသောက်စနစ်ဖြင့် စိုက်ပျိုးထားသော ရွှေတောင် (၈) ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

​ကျောက်ဆည် ဇူလှိုင် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာတွင် တောင်သူဒေါ်တင်မိုးခိုင် ကွင်းအမှတ်(၂၂၅-ဃ)၊ ဦးပိုင်အမှတ်(၃၁) ယာမြေ(၂၀)ဧကတွင် မိုးရေသောက်စနစ်ဖြင့် စိုက်ပျိုးထားသော  ရွှေတောင်(၈)ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မှိုင်းပန်ကျေးရွာတွင် ရွှေတောင်(၈)ဝါသီးနှံများကို တောင်သူဒေါ်တင်မိုးခိုင်မှ (၂၀)ဧက၊ တောင်သူ ဦးမောင်အေးမှ (၂၀)ဧက၊ တောင်သူ ဦးအောင်မြင့်မှ (၂)ဧက၊ တောင်သူ ဦးအုန်းမောင်မှ (၅)ဧက၊ တောင်သူ ဦးသက်နိုင်ဝင်းမှ (၅)ဧက၊ တောင်သူ ဦးဇော်ဌေးမှ (၅)ဧက စုစုပေါင်း (၄၇)ဧက စိုက်ပျိုးထားကြောင်း သိရသည်။

ဝါတစ်ဧကစိုက်ပျိုးပါက မြေပြင်ခြင်း၊ ထည်ထိုးခြင်း၊ စိုက်ကြောင်းဆွဲခြင်း၊ စိုက်ပျိုးပြုစုခြင်း၊ မျိုးစေ့ချခြင်း၊ သားခွဲခြင်း၊ အပင်ဖာခြင်း၊ လက်ပေါင်းလိုက်ခြင်း၊ မြေဩဇာထည့်ခြင်း၊ ဆေးဖျန်းခြင်း၊ ကြားထွန်လိုက်ခြင်း စသည်တို့အတွက် ငွေ(၄၅၀၅၀၀)ကျပ် ကုန်ကျကြောင်းနှင့် မျိုးစေ့ဘိုး၊ ကွန်ပေါင်း၊ ယူရီယား၊ ‌အေမီဒါ၊ မှိုသတ်ဆေး၊ ကလိုပိုင်ရီဖော့၊ ကာတက်၊ အစီဖိတ်၊ ရွက်ဖျန်းအားဆေး၊ မျိုးစေ့လူးနယ်ဆေး၊ ဝါကောက်သိမ်းခြင်းများအတွက် ငွေ(၂၉၆၆၀၀)ကျပ် စုစုပေါင်း (၇၄၇၁၀၀)ကျပ် ကုန်ကျကြောင်းသိရှိရကာ ထွက်နှုန်းအနေဖြင့် တစ်ဧက(၅၄၄)ပိဿာထွက်ရှိပြီး တစ်ပိဿာ(၂၅၀၀)ကျပ် ရောင်းချရသဖြင့် (၁၃၆၀၀၀၀)ကျပ် ပြန်လည်ရရှိကာ ဝါတစ်ဧကတွင်ငွေ (၆၁၂၉၀၀)ကျပ် အကျိုးအမြတ်ရရှိသဖြင့် မှိုင်းပန်ကျေးရွာမှ ဝါစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)