လားရှိုး ဇူလိုင် ၂၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ တာဝန်ရှိသူ များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီအချိန်က လားရှိုးမြို့၊ ဒုတိယ ပြည်နယ်ဦးစီးမှူးရုံးရှိ ဧည့်ရိပ်သာခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အစိုးရ အုပ်ချုပ် ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ တွဲဖက်ပြည်နယ်၊ ခရိုင်၊ မြို့နယ်မှူးများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် လူမှုရေးရာဝန်ကြီးက လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ဒုတိယပြည်နယ် ဦးစီးမှူးရုံးဝန်းအတွင်းရှိ စမ်းသပ်စိုက်ပျိုးထားသော ပြောင်းစိုက်ခင်း၊ နေကြာစိုက်ခင်းနှင့် အခြားသီးနှံ စိုက်ခင်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)