စဉ့်ကိုင် ဇူလိုင် ၂၆
စီမံကိန်းနှင့် ဘဏ္ဍာရေး၀န်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာ ဆောင်ရွက်ရမည့် အခွန်များ၊ လုပ်ငန်းရှင်များ၏ တာ၀န်များ၊ အခွန်အမှတ်တံဆိပ် ထုတ်ယူခြင်းများ ပျက်ကွက်မှုအတွက် ပြစ်ဒဏ်များကို လုပ်ငန်းရှင်များသိရှိစေရန်၊ လုပ်ငန်းရှင်များအား အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခြင်းကို ဇူလိုင် (၂၆) ရက်၊ နံနက် (၁၁) နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အခွန်များဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်မင်းအောင်က စားသောက်ဆိုင်မှ လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းရှင်များ၊ ရွှေနှင့်လက်၀တ်ရတနာရောင်းချသည့် လုပ်ငန်းရှင်များ၊ ရုပ်သံလွှင့်မီဒီယာ၀န်ဆောင်မှု ဆောင်ရွက်သည့်လုပ်ငန်းရှင်များ၊ လက်ကိုင်ဖုန်း (ဟန်းဆက်) ပစ္စည်းများ ရောင်းချခြင်းနှင့် ၀န်ဆောင်မှုဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် ပြေစာများပေါ်တွင် အခွန်တံဆိပ်ကပ်နှိပ်၍ ရောင်းချခြင်း၊ ၀န်ဆောင်မှုဆောင်ရွက်ပေးခြင်းဖြင့် ရသင့်ရထိုက်သော အခွန်များ၊ လွတ်ကင်းမှုမရှိစေဘဲ နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေသို့ ရောက်ရှိနိုင်သည်ကို သိရှိစေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။.
ထို့်နောက် တက်ရောက်လာသော လုပ်ငန်းရှင်များက မိမိတို့သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာ၀န်ရှိသူက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး အခွန်အမှတ်တံဆိပ် ပထမဆုံးအကြိမ် ထုတ်ယူခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ကြိုတင်ပေးသွင်းရန်မလိုဘဲ ဒုတိယအကြိမ်မှစပြီး ထုတ်ယူသည့် အခွန်အမှတ်တံဆိပ်များအနက်အသုံးပြုပြီး အမှတ်တံဆိပ်များအတွက် သက်ဆိုင်ရာအခွန်ရုံးသို့ ပေးသွင်းပြီးကြောင်း အထောက်အထားငွေသွင်းချလန်ပြည့်စုံစွာ တင်ပြရန် လိုအပ်ကြောင်း၊ သို့မှသာထပ်မံထုတ်ပေးသွားမည်ဖြစ်ပြီး ပျက်ကွက်မှုအတွက် ဒဏ်ကြေးငွေအနေဖြင့် ပထမအကြိမ် (၁၀) သိန်း၊ ဒုတိယအကြိမ်သိန်း (၂၀)၊ တတိယအကြိမ်သိန်း (၃၀) တတိယအကြိမ်အထက် ကျပ်သိန်း (၆၀) ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည်ဖြစ်ကြောင်း၊ စဉ့်ကိုင်မြို့နယ်အတွင်း၌ စားသောက်ဆိုင် (၂၂) ဆိုင်၊ ဟိုတယ်/တည်းခိုခန်း (၅)ခု၊ ဟန်းဆက်ဆိုင် (၁) ဆိုင်၊ ရွှေဆိုင် (၃) ဆိုင်ရှိကြောင်း မြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနထံက သိရသည်။
၀င်း၀င်းသန်း