လားရှိုး ဇူလိုင် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရက္ခဝတီတောရကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက လားရှိုး ပြည်သူ့ဆေးရုံနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၀)စစ်မြေပြင်ဆေးတပ်ရင်းတို့မှ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများ ပါဝင်သော ပူးပေါင်း အဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးမြို့၊ ရက္ခဝတီကျောင်းရှိ ဆရာတော်သံဃာတော်များ၊ သီလရှင် ဆရာကြီး၊ ဆရာလေးများနှင့် ဒေသခံပြည်သူတို့အား အထွေထွေရောဂါကု ဆရာဝန်၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်၊ သွားနှင့်ခံတွင်းဆရာဝန်၊ ဆေးကုသမှုပါရဂူ၊ ခွဲစိတ် အထူးကုဆရာဝန်၊ သားဖွား မီးယပ်ပါရဂူ၊ ကလေးအထူးကုဆရာဝန်၊ အရိုးအထူးကု ဆရာဝန်စသည့် အထူးကုဆရာ ဝန်များ ဦးဆောင်သော ဆေးကုသရေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများနှင့် အာဟာရများထောက်ပံ့ပေးခြင်းများဆောင်ရွက် ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်နေမှုများကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဦးစီးဗိုလ်မှူးကြီး (စစ်ထောက်) မှ ဗိုလ်မှူးကြီး ဇေယျာလင်းနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်းတွင် နယ်လှည့်ဆေးကုသရေးအဖွဲ့များဖြင့် ဟူးမွန် ကျေးရွာ၊ ဟိုပိတ်ကျေးရွာ၊ ရပ်ကွက်(၁)၊ ရပ်ကွက်(၉)၊ တောရပရိယတ္တိစာသင်တိုက်၊ နတ်ရေကန် ကျောင်းတိုက်နှင့် စိတ္တသုခဘုန်းတော်ကြီးကျောင်း၊ ခါးရိုးပရိယတ္တိစာသင်တိုက်တို့တွင်လည်း ဒေသခံ များ၏ ကျန်းမာရေးအတွက် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဆေးစစ်ဆေးကုသမှုများ ပြုလုပ် ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)