မက်မန်း ဇူလိုင် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို၏ ကျက်သရေဆောင် မင်းရန်အောင်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေးအစည်းအဝေးကို ယမန်နေ့ နံနက် ၈ နာရီအချိန်က မင်းရန်အောင်စေတီတော်၏ ရင်ပြင်တော်၊ အရှေ့ဘက်တန်ဆောင်း တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက မင်းရန်အောင် စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးနှင့် ဘက်စုံပြုပြင်နိုင်ရေးအတွက် ကော်မတီများဖွဲ့ခဲ့ပြီး ယနေ့တွင် ဘုရားကြီး ပြုပြင်မည့် အဖွဲ့များရှိလာပြီဖြစ်သည့်အတွက် လိုအပ်သည့် ပစ္စည်းများ၊ မှာယူရမည့် ပစ္စည်းများကို ဖွဲ့စည်းထားသည့် ကော်မတီများအနေဖြင့် ကဏ္ဍအလိုက် ဆောင် ရွက်ရမည့် လုပ်ငန်းများကို လျှင်မြန်ပြီးစီးအောင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအသီးသီးက ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပြန်လည်ဆွေနွေးခဲ့သည်။ အဆိုပါ မင်းရန်အောင်စေတီတော်ကြီးအား ၁၉၉၀ပြည့်နှစ်တွင် ရှေ့တန်း အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်၊ နည်းဗျူဟာစစ်ဆင်ရေးအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံတိုင်း ရင်းသားများနှင့် ဒေသဖွံ့ဖြိုးရေးဝန်ထမ်းများက ဝိုင်းဝန်းတည်ထားကိုးကွယ်ခဲ့ကြောင်းနှင့် နှစ်ပေါင်း(၃၃) နှစ်ကြာပြီးဖြစ်ကြောင်းလည်း သိရသည်။
စောဥမ္မာ (ခရိုင်၊ ပြန်/ဆက်)