ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ) ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနေမှု အခြေအနေနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်းတို့ကို လှည့်လည်ကြည့်ရှု

စစ်တွေ ဇူလိုင် ၂၅

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ) ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနေမှု အခြေအနေနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရနည်းပညာအထက်တန်းကျောင်း (စစ်တွေ)သို့ ရောက်ရှိပြီး ဆရာ ဆရာမများ ၊ ကျောင်းသား ကျောင်းသူများ နှင့် တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ဒေသ၊ မိမိတို့ကျောင်း၊ မိမိပြည်နယ်နှင့် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အခြေခံသည် ပညာရေးပင်ဖြစ်ကြောင်း၊ ပညာကို အမှန်တကယ် တတ်မြောက်မှသာ မိမိတို့ရည်မှန်းချက်များကို အောင်မြင်စေမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ကြားမှု အဆင်ပြေချောမွေ့စေရေးနှင့် ပညာသင်ယူမှု အခွင့်အလမ်း အပြည့်အဝ ရရှိစေရေးတို့ကို  ဆရာဆရာမများအားလုံး ဝိုင်းဝန်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း မှာကြားပြီး စာသင်ခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည့်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်းရှိ သင်္ဘောပေါ်မှ ကူညီကယ်ဆယ်ရေးနှင့်ပြန် လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ပစ္စည်းများကို လူအင်အား၊ စက်ယန္တရား အင်အားများ အသုံးပြုကာ ဘေးသင့်ဒေသများသို့ ဖြန့်ခွဲပေးရန် စီစဉ်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ သဘာဝ ဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။ အစည်း အဝေးတွင် လုပ်ငန်းကော်မတီများအလိုက် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ လုပ်ငန်းတိုးတက်မှုအခြေအနေများနှင့် စပ်လျဉ်ပြီး ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)