ဂွမြို့ ရဟိုင်ကွင်း အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်နှင့်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

ဂွ  ဇူလိုင် ၂၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ဂွမြို့၊ ရဟိုင်ကွင်း အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများပိုမို ရရှိစေပြီးတစ်ဦးနှင့်တစ်ဦး အသိပညာ အတွေ့အကြုံ ဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်း ရင်းနှီးမှုများ ရရှိကာ နှုတ်မှုစွမ်းရည် ပြည့်ဝလာမည်ဖြစ်ကြောင်း  လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မင်းလွင်က လူငယ်နှင့် ခေါင်းဆောင်မှုအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ရဟိုင်ကွင်း အခြေခံပညာအလယ်တန်းကျောင်းမှ Grade-9 ကျောင်းသား မောင်အောင်မြင့်မြတ်က လူငယ်နဲ့အောင်မြင်မှုအကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊Grade-8 ကျောင်းသား မောင်သားပီတိက လူငယ်နဲ့စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊Grade-9ကျောင်းသူ မနွယ်နွယ်ဖြိုးက လူငယ်နဲ့မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grare-8ကျောင်းသူ မငွေစင်သော်က လူငယ်နဲ့အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ ရဟိုင်ကွင်း အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးဇော်ထိုက်က လူငယ်စကားဝိုင်းအား ပူးပေါင်းဆောင်ရွက်ရသည့်အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မင်းလွင်က မိုးရာသီအခြေခံတိုက်ကွမ်ဒို သင်တန်းဂုဏ်ပြုမှတ်တမ်းလွှာကို သင်တန်းသားများကိုယ်စား ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ရဟိုင်ကွင်းအခြေခံပညာအလယ်တန်းကျောင်း ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၁၁၀)ဦး တက်ရောက်ခဲ့ကြပြီး စကားဝိုင်း ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်