ပင်းတယ ဇူလိုင် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ်လုပ်ကိုင်ကြပြီး ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးရောင်းချကြရာ မြန်မာလူမျိုးများ အနှစ်သက်ဆုံးနှင့် အလှူမင်္ဂလာ၊ ဧည့်ခံပွဲတိုင်းတွင် မပါမဖြစ်ရိုးရာ အစားအစာဖြစ်သော လက်ဖက်ပင်များကို ဧကအများအပြား စိုက်ပျိုးထားသည့် တောင်ပေါ်ဒေသများရှိ လက်ဖက်ပင်များတွင် လက်ဖက်အညွှန့်များ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်၍ စတင်ခူးဆွတ်နေကြပြီဖြစ်သည်။
“လက်ဖက်ပင်များကို စတင်စိုက်ပျိုးပြီး ငါးနှစ်ကျော်လျှင် စတင်ခူးဆွတ်ရပါတယ်။ လက်ဖက်ကို တစ်နှစ်လျှင် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများမှလွဲပြီး ကျန်တဲ့လများတွင် ခူးဆွတ်ရပါတယ်၊ မတ်လဆန်းပိုင်းမှာ ထွက်တဲ့လက်ဖက်တွေကတော့ ရွှေဖီမိုးလွတ်ဖြစ်တဲ့အတွက် လက်ဖက်ခြောက်ပြုလုပ်ရောင်းချကြပြီး ယခုလိုအချိန်ဖြစ်တဲ့ မေလနှင့် ဇွန်လ နောက်ပိုင်းမှာထွက်တဲ့ လက်ဖက်တွေကတော့ အထွက်နှုန်းအလွန်များပြီး မိုးရာသီဖြစ်တဲ့အတွက် လက်ဖက်ခြောက်လုပ်ငန်းထက် လက်ဖက်စိုလုပ်ငန်းအတွက် သိုလှောင်ထားကြပြီး တစ်နှစ်ပတ်လုံးရောင်းချရပါတယ်”လို့ လက်ဖက်စိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောသည်။
ပင်းတယမြို့နယ်အတွင်း တောင်ပေါ်ဒေသများဖြစ်သည့် တောင်ပေါ်ကြီးကျေးရွာ၊ ဆီးကျအင်းကျေးရွာ၊ ထွက်နီကျေးရွာ မြေနီတောင်ကျေးရွာနှင့် ပါးမဲကျေးရွာ အစရှိသည့် ကျေးရွာများတွင် နှစ်ရှည်ပင်ဖြစ်သည့် လက်ဖက်ပင်များကို မိသားစုတစ်စုလျှင် အနည်းဆုံး (၁၀)ဧကမှ (၁၅)ဧကအထိ စိုက်ပျိုးထားကြပြီး လက်ဖက်အထွက်နှုန်းများဆုံးထွက်ရှိသည့် ကျေးရွာများဖြစ်ကြသည်။ အဆိုပါကျေးရွာများရှိ လက်ဖက်ပင်များမှာ မိသားစုဘိုးဘွားလက်ထက်ကပင် စိုက်ပျိုးထားသဖြင့် အချို့လက်ဖက်ပင်များမှာ သက်တမ်းကာလ အလွန်ကြာမြင့်နေပြီဖြစ်၍ ပင်စည်ပိုင်းမှာ အလွန်ကြီးမားပြီး လက်ဖက်ညွှန့်အထွက်နှုန်းမှာလည်း အလွန်များပြားသောကြောင့် လက်ဖက်ညွှန့်များ ခူးဆွတ်ပြီး လက်ဖက်စို၊ လက်ဖက်ခြောက် လုပ်ငန်းများဖြင့် မိသားစုဝင်ငွေတိုးပွား၍ စီးပွားပွားရေးအဆင်ပြေလျက်ရှိကြောင်း၊ ယခုအချိန်တွင် ပင်းတယဒေသထွက်လက်ဖက်စို တစ်ပိဿာလျှင် (၂၀၀၀)ကျပ်မှ (၂၅၀၀)ကျပ်အထိရရှိနေပြီး လက်ဖက်ခြောက် (၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်မှ (၁၅၀၀၀)ကျပ်အထိ ဈေးကောင်းရရှိနေကြောင်းနှင့် ဒေသထွက်လက်ဖက်များကို ဝယ်ယူစားသုံးသူများလည်း အလွန်များပြားလျက်ရှိကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)