တွံတေးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေဖြင့် မိုးစပါးစိုက်ပျိုးမည့်တောင်သူအစုအဖွဲ့များသို့ သွင်းအားစုမြေသြဇာအိတ်များလွှဲပြောင်းပေးအပ်ခြင်းနှင့် သွင်းအားစုတန်ဖိုးငွေများချေးခြင်းအခမ်းအနားကျင်းပ

တွံတေး     ဇူလိုင်    ၂၅ 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တွံတေးခရိုင်အတွင်းမှ ချေးငွေရရှိသူတောင်သူအစုအဖွဲ့(၁၀၉)ဖွဲ့၊ အကျိုးတူလယ်ယာစနစ်ဆောင်ရွက်သည့် တောင်သူအစုအဖွဲ့(၄၂)ဖွဲ့ရှိ တောင်သူများသို့ သွင်းအားစုမြေသြဇာအိတ်များ လွှဲပြောင်းပေးအပ်ခြင်းနှင့် သွင်းအားစုတန်ဖိုး ချေးငွေများချေးခြင်းအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက တွံတေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် တွံတေးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးဦးထင်ကျော်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တွံတေးခရိုင်အတွင်း အစုအဖွဲ့များသို့ ထုတ်ချေးထားမှုအခြေအနေနှင့်ပတ်သက်၍ အကျဥ်းချုပ်တင်ပြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်က သွင်းအားစုတန်ဖိုးငွေပေးချေးခြင်းနှင့်စပ်လျဥ်း၍ အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်ဆွေကစိုက်နည်းစနစ်များနှင့်စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက တက်ရောက်လာသောတောင်သူအစုအဖွဲ့များအား သွင်းအားစုမြေသြဇာများလွှဲပြောင်းပေးအပ်ခဲ့ကာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာကေသွယ်ခိုင်က ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါစက်မှုဇုန်မှထွက်ရှိသော စပါးခွံဖွဲပြာနှင့် Urea ရောစပ်၍ ဓာတ်မြေသြဇာပြုလုပ်ခြင်းနှင့် လက်တွေ့စမ်းသပ်ခြင်းမှရရှိသောနည်းများ၊ စပါးခွံဖွဲပြာနှင့်ယူရီးယားရောစပ်သည့် ဖွဲပြာမြေဩဇာအကြောင်းနှင့်မြေသားပျက်စီးမှုများသော အခြေအနေများတွင် မြေဆီလွှာနှင့်စိုက်ပျိုးမြေအတွက် အထောက်အကူပြုကြောင်း၊ သတ္တုဓာတ်များဖြစ်သည့် Potassium ၊ Calcium နှင့် Phosphorus ပါဝင်မှုများကိုလည်းမြှင့်တင်နိုင်ကြောင်း၊ စပါးခွံဖွဲပြာမြေသြဇာအသုံးပြုခြင်းအားဖြင့် ဓာတ်မြေသြဇာအသုံးပြုမှုများကို လျှော့ချနိုင်ကြောင်းနှင့် တန်ဖိုးသင့်မြေသြဇာဖြစ်၍ တောင်သူများသုံးစွဲနိုင်ရေးရှင်းလင်းဆွေးနွေးပြီး ဒေါ်ဖြူနှင်းက ငါးအမိုင်နိုမြေသြဇာထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေရယူထားသော တောင်သူဦးဝင်းမြင့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။ အဆိုပါအခမ်းအနားသို့ ဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တွံတေးခရိုင်အတွင်းရှိ တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တောင်သူအစုအဖွဲ့များ စုစုပေါင်း(၁၈၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

တွံတေးသား