မိုင်းယောင်း ဇူလိုင် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပခဲ့ကြကြောင်း သိရသည်။
ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဒုတိယဗိုလ်မှူးကြီးအောင်နေထွန်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌများ၊ ရပ်/ကျေးစာရေးများ၊ ရော်ဘာလုပ်ငန်းရှင်များနှင့် မြေအသုံးချမှုမှန်ကန်စေရေး၊ ရော်ဘာထုတ်လုပ်ရာတွင် ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ရပ်/ကျေးစာရေးများနှင့် သတင်းညှိနှိုင်းအစည်းအဝေးကိုလည်းကောင်း၊ ဓါတ်လုံစေတီတော်တွင် မီးသတ်ရေကန် တည်ဆောက်ပြီးစီးမှုနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ဟိုခုံဘုန်းတော်ကြီးကျောင်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယအကြိမ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် အလှူငွေများကို ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း