မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း စဉ်ဆက်မပြတ် ဆောင်ရွက်

မိုင်းယု ဇူလိုင် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်နေရာများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်နေရာများရှိ ရေစည်၊ ရေအိုးများ၊ ရေကန်များ၌ အဘိတ်ဆေးခပ်ခြင်း၊ ရေများတင်ကျန်ရှိနိုင်သည့် ရေပုံးဟောင်းများ၊ ခွက်ဟောင်းများနှင့် တာယာဟောင်းများအား သွန်ပစ်ခြင်း၊  ခြင်လောက်လန်းနှင့် ခြင်များခိုအောင်းပေါက်ဖွားမှု မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးအတွက် ပြည်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်သည့် အလေ့အကျင့်များရရှိစေရန် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများလည်း ဆောင်ရွက်ခဲ့ကြ သည်။

မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ရက်သတ္တပတ်အတွင်း နေ့ရက်အလိုက် အစိုးရနှင့် ပုဂ္ဂလိကရုံးများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ ဈေးဆိုင်များ၊ ဘာသာရေးအဆောက်အဦများရှိရာ နေရာများ၊ မူကြိုနှင့် စာသင်ကျောင်းများ၊ ရပ်ကွက်/ ကျေးရွာများရှိ အများပြည်သူနေအိမ်ဝင်းများ စသဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အားချာ