မြစ်ကြီးနား ဇူလိုင် ၂၅
ကချင်ပြည်နယ်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၂ ခုနှစ်နှင့် ယခုနှစ်တွင် ယာယီခိုလှုံရာစခန်းနေပြည်သူများအား မူလနေရပ်များသို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့သလို ထိုသို့ ပြန်လည်ရွှေ့ပြောင်းပေးရာတွင်လည်း ဆန်၊ ဆီ၊ ရိက္ခာနှင့် အသုံးအဆောင်များ၊ ပြောင်းရွှေ့စရိတ်များ အဖြစ် ငွေကျပ် (၁၃၂၅၉၂၀၀၀)ကို ထောက်ပံ့ပေးအပ်နိုင်ခဲ့သည့်အပြင် ပညာရေး၊ ကျန်းမာရေးနှင့် နေထိုင်စားသောက်မှုများအတွက် အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်နှင့်အညီ လိုက်နာအကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆက်လက်၍လည်း နေရပ်စွန့်ခွာပြည်သူများ နေရပ် ပြန်လည်နေထိုင်နိုင်ရေးကို အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်းမှာကြား သည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဘာသာရေးခေါင်းဆောင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင် မြို့နယ်များအလိုက် IDPs စခန်းများရှိ အိမ်ထောင်စုများ၊ ပြန်လည်နေရာချထားပေးနေမှုများနှင့် ထပ်မံရွှေ့ပြောင်းပေးနိုင်ရေး မြေနေရာလျာထားဆောင်ရွက်ထားရှိမှု အခြေအနေများ၊ နေအိမ်များ တည်ဆောက်ပေးရန်ကိစ္စရပ်များ၊ ဘဏ္ဍာငွေလျာထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန်ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ လိုအပ်သည်များကို အချင်းချင်းပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်