ကျောက်ပန်းတောင်းမြို့ အမှတ်(၂)အ.ထ.ကတွင် ကျောင်းသား/ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများအား  ဇီဝဆိုင်ရာအချက်အလက် ( Biometric Data) များ ကောက်ယူ

ကျောက်ပန်းတောင်း ဇူလိုင် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများအား ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်က မြို့ပေါ်ရှိ  အခြေခံပညာကျောင်းများမှ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း နေထိုင်သူ အသက်(၁၀)နှင့် အထက် နိုင်ငံသားများ၏ Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Database တွင် သိမ်းယူ၍ ဂဏန်း ၁၀ လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ Smart Card များ ပြန်လည် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရပြီး၊ ကျောက်ပန်းတောင်းမြို့နယ် အတွင်း (၂၆-၆-၂၀၂၃)ရက်နေ့မှ စတင်၍ (၂၅-၇-၂၀၂၃)ရက်နေ့အထိ၊ လူဦးရေ ၁၄၅၀ ဦး ပြုလုပ်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်ရာသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးပိုင်တို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)