မိုင်းကိုင် ဇူလိုင် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၏ စာချစ်သူများ စာဖတ်ဝိုင်းကိုယမန်နေ့ နေ့လည် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre )ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ၊ ဒေါ်နန်းလှိုင်လှိုင်ဦးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် စာချစ်သူများက စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)၏ ‘အမွေခံ တစ်ယောက် အမွေပေးသူတစ်ရာ’ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းတွင် နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရင်ခွင်မဲ့အမျိုးသမီးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့အရာ၊ နောက်တစ်ချက်ထပ်ရိုက်ပါ၊ ပညာတတ်ဖို့စာဖတ်ရမည်၊ ဝတ္ထုမဖတ်တာရှက်စရာ၊ သိင်္ဂါလောဝါဒ သုတ်လာမိတ်ဆွေဝတ်၊ ချစ်သမီးလေးများအတွက် စသည့်ခေါင်းစဉ်များဖြင့်ဆွေးနွေးရာ တက်ရောက်လာသည့် စာချစ်သူများက မိမိတို့၏အမြင်၊ အတွေ့အကြုံများနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)