ခရမ်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားကျင်းပ

ခရမ်း ဇူလိုင် ၂၅

နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို မြို့နယ်သမဝါယမ ဦးစီးဌာနက ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ခရမ်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သန္တာအောင်က သွင်းအားစုထောက်ပံ့ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ခရမ်းမြို့နယ်တွင် လယ်ယာလုပ်ငန်းဆောင်ရွက်သည့် သမဝါယမအသင်(၄)သင်းရှိသည့်အနက် ကြွေးမီကင်းရှင်း၍ ပုံစံ ၇ ရှိပြီး စည်းလုံး ညီညွှတ်မှုရှိသော အသင်း ကိုသာ စတင်ဆောင် ရွက်သွားမှာဖြစ်ပါကြောင်း၊ မိုးစပါးအကျိုးတူဆောင်ရွက်သည့် အသင်းသားများအနေဖြင့် သွင်းအားစုများကို မိမိတို့လယ်ယာမြေများတွင် အကျိုးရှိစွာသုံးစွဲမှသာ မိသားစု ၀င်ငွေတိုးစေမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစုအနေဖြင့်အသင်း(၁)သင်းမှ အသင်းသား (၄၆) ဦး၏ လယ်ဧက ၆၀၀ အတွက် ငွေကျပ်သန်း(၁၂၀)၊ ကုမ္ပဏီအနေဖြင့် အသင်း (၃)သင်းမှ အသင်းသား(၁၀၇) ဦး၏လယ်ဧက ၁၀၈၈ဧကအတွက် ငွေကျပ်သန်း (၂၁၇.၆) နှင့်ညီမျှသော သွင်းအားစုများဖြစ်သည့် မြေဆီများကို တောင်သူဦးကြီးများထံ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သန္တာအောင်နှင့် တာ၀န်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း (ပြန်/ ဆက်)