သထုံမြို့နယ်တွင် ကလေးအလုပ်သမားပ‌ပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေပွဲ (Talk Show) ပြုလုပ်

သထုံ ဇူလိုင် ၂၅

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဌာနတို့ ပူးပေါင်းကာ ယနေ့၊ မွန်းလွဲပိုင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက Talk Show ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ခရိုင်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဌာနမှ ဦးစီးအရာရှိ ဦးအောင်ရဲကျော်က ၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေ၊ ၂၀၁၆ ခုနှစ် ဆိုင်များနှင့်အလုပ်ဌာနများ ဥပဒေနှင့် (ILO) ပြဌာန်းချက်တို့အရ ကလေးအလုပ်သမား၏ အသက်အရွယ်အပိုင်းအခြားနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အသက်အရွယ်မပြည့်‌သည့် ကလေးအလုပ်သမားများ ခိုင်းစေမှုနှင့်ပတ်သတ်၍ အလုပ်ရှင်များအပေါ် အကျိုးသက်ရောက်သည့် ဥပဒေအချက်အလက်များ၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း ကလေးအလုပ်သမားပပျောက်ရေး ဆောင်ရွက်နေမှုများ၊ စက်ရုံ အလုပ်ရုံအသီးသီးတို့၌ ကလေးအလုပ်သမားများနှင့်ပတ်သတ်သည့် ညွှန်ကြားထားမှုများ စသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

သထုံခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ ဆက်)