မိုင်းယောင်းမြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းဆရာတော်၏ ဝိဇာတ မွေးနေ့မင်္ဂလာကျင်းပ

မိုင်းယောင်း ဇူလိုင် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာ သနာပြု(ဗဟို)ကျောင်း၏ ပဓာနနာယကဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တဘဒ္ဒိယ မဟာထေရ်၏ သက်တော် ၈၄ နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံ​သောနှင့် ဆရာတော်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်၊ မိုင်းယောင်းတပ်နယ် တပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ဝတ်ရွတ်အဖွဲ့များ၊ ဂေါပကအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်၊ အလှူရှင်များနှင့် တပည့်ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ထေရဝါဒ ဗုဒ္ဓသာသနာပြု (မိုင်းယု)ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစိတ္တ သာရထံမှ ငါးပါးသီလခံယူဆောက်တည်၍ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်း ဆရာတော်နှင့် သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရား တော်များကိုနာယူကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် မိုင်းယောင်းတပ်နယ် တပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိ စာသင်တိုက်ဆရာတော်နှင့် သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းယု)ကျောင်းဆရာတော်က အနုမော ဒနာတရား ဟောကြားချီးမြှင့်တော်မူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းဆရာတော်၏ ဝိဇာတမွေးနေ့အလှူမင်္ဂလာတွင် သာမဏေအပါး ၁၀၀ တို့အား စာရေးတံမဲဖောက်ပေးခြင်း၊ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ တပ်နယ်၊ တပ်ရင်းများမှ ဝတ်ရွတ်အဖွဲ့များ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝတ်ရွတ်အဖွဲ့များ၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှ ဝတ်ရွတ်အဖွဲ့များမှ ဓမ္မစကြာရွတ်ဖတ်ပူဇော်ခြင်းတို့ ဆောင်ရွက်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း