မောက်မယ်မြို့နယ်တွင် အဆင့်မြင့်နည်းပညာသုံးဘောင်ပျိုးစနစ်ပျိုးထောင်ပြီး မျိုးသန့်ပွားမျိုးစေ့ (RS)မိုးစပါး စတင်စိုက်ပျိုး

မောက်မယ် ဇူလိုင် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် မိုးစပါးစိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်မှုကို သိပ္ပံနည်းကျစိုက်နည်းစနစ်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ မြို့မအုပ်စု၊ တောင်သူဦးကျော်စံ၏လယ်မြေ၌ ယနေ့နံနက် ၆နာရီခွဲက ဘက်စုံအဆင့်မြင့်နည်းပညာ သုံး ဘောင်ပျိုးစနစ်ပျိုးထောင်ပြီး မျိုးစေ့အဆင့် မျိုးသန့်ပွားမျိုးစေ့(RS)မှော်ဘီကောက်ညှင်းမွေးမိုးစပါး စတင်စိုက် ပျိုးကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်နှင့်ဝန်ထမ်းများက တောင်သူများအားအသိပေး ကွင်းဆင်း ဆောင်ရွက်ရာတွင် ယခုနှစ်မိုးရာသီတွင် လယ်စပါးများစိုက်ပျိုးရန်အတွက် ပျိုးထောင်ထားခြင်း၊ မြေပြင်ထွန် ယက်ခြင်းများဆောင်ရွက်နေပြီး တောင်သူများအနေဖြင့်  ယခင်ကလယ်ယာစပါးစိုက် ပျိုးရာတွင် ကျွဲနှင့် နွားများဖြင့် သာထွန်ယက်ကြသော်လည်း ယခုအခါထွန်စက်များကိုသာ အသုံးပြုလာကြောင်း၊ စက်သုံးဆီနှင့် ဓာတ်မြေသြဇာစျေးနှုန်းများမြင့်မားနေ၍ တောင်သူများအပြည့်အဝမသုံးစွဲနိုင် ခြင်းကြောင့် အထွက်နှုန်းများ ကျဆင်းမှုမရှိစေရေး၊ စိုက်ပျိုးရေးထုတ်ကုန်များအရှုံးပေါ်မှုမရှိစေရေး၊ လယ်ယာလုပ်ငန်းအတွက် ကုန်ကျမှုစရိတ်လျော့ချနိုင်စေရန်အတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိဘဲ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန်အတွက် သိပ္ပံနည်းကျစိုက်နည်းစနစ် အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံး နိုင်ရေးနှင့် ဘက်စုံအဆင့်မြင့် နည်းပညာသုံးဘောင်ပျိုးစနစ် ပျိုးထောင်ပြီးစိုက်ပျိုးသည့် နည်းစနစ်များအား မျိုးသန့်ပွားမျိုးစေ့(RS) မိုးစပါးစိုက်ပျိုးမှုအတွက် မှော်ဘီကောက်ညှင်းမွေး ၁ ဧကကို လက်တွေ့ သရုပ်ပြစိုက်ပျိုးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း မောက်မယ် မြို့နယ်တွင် တောင်ယာစပါးနှင့် လယ်ယာစပါးများကို ဧက (၅၀၀၀)ကျော်စိုက်ပျိုးရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်ထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)