မိုးရာသီစိုက်ပျိုးချိန်ကာလအတွင်း လားရှိုးမြို့အနီးရှိ ဒေသခံအများစု လယ်ယာစိုက်ပျိုးခြံများတွင် လုပ်ငန်းခွင်ဝင်ရောက်မှုများ

လားရှိုး  ဇူလိုင် ၂၅

လားရှိုးမြို့သည် တောင်ပေါ်ဒေသဖြစ်သည်နှင့်အညီ မိုးရာသီစိုက်ပျိုးချိန်ကာလအတွင်း လယ်စိုက်ပျိုးခြင်း၊ တောင်ယာစိုက်ပျိုးခြင်းလုပ်ငန်းများဖြင့် အသက်မွေး ဝမ်းကျောင်းပြုသူများသည့် ဒေသတစ်ခုဖြစ်သည်။

ယခုနှစ် မိုးရာသီစိုက်ပျိုးချိန်ကာလအတွင်းတွင် လားရှိုးမြို့နယ်အတွင်းရှိ ဒေသခံများအနေဖြင့် တောင်ယာစိုက်ပျိုးခြံများတွင် နေ့စားအငှားအလုပ်သမားအနေဖြင့် ဝင်ရောက်အလုပ်လုပ်ကိုင်မှု များပြားနေကြောင်း သိရသည်။ တောင်ယာစိုက်ပျိုးရေးခြံများဖြစ်သည့် စပါးစိုက်ခင်းများ၊ ပြောင်းစိုက်ခင်းများ၊ရော်ဘာခြံများတွင် လုပ်ငန်းခွင်ဝင်ရောက်မှုများနေပြီး တစ်ရက်လျှင် ပုံမှန်လုပ်အားခအနေဖြင့် တစ်သောင်းကျပ်ထိ ရရှိကြကြောင်း သိရသည်။

 “ ကျွန်မတို့က လားရှိုးမြို့အနီးက ကျေးရွာတွေမှာ နေထိုင်ကြပါတယ်။ အခုလို မိုးတွင်းကာလ စိုက်ပျိုးချိန်တွေမှာတော့ တောင်ယာစပါးခင်းတွေ၊ ပြောင်းစိုက်ခြံတွေမှာ နေ့စားအငှားအလုပ် သမား အနေနဲ့ အလုပ်ဆင်းကြတာပေါ့။ ရွာနဲ့နီးတဲ့စိုက်ခင်းတွေက ငှားရင်တော့ လမ်းလျှောက်လာကြတယ်။ ရွာနဲ့ဝေးတဲ့ နေရာတွေက လာငှားရင်တော့ သူတို့ကားနဲ့ကြိုပို့ပေးတာပေါ့။” ဟု နေ့စားအငှား အလုပ်သမား တစ်ဦးကပြောသည်။ တောင်ယာအငှားလိုက်သူများသည် ပုံမှန်အလုပ်ချိန်အဖြစ် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ အလုပ်ခွင်ဝင်ကြရကြောင်း သိရသည်။

လားရှိုးမြို့နယ်အတွင်း၌ ယခုနှစ် မိုးရာသီစိုက်ပျိုးရာသီတွင် မိုးစပါးလျာထားဧက (၃၆၉၂၂) ဧကရှိသည့်အနက် (၁၅၄၉၉)ဧက ၊ယာစပါး (၁၀၃၉၁)ဧက၊တောင်ယာစပါး(၅၁၀၈)ဧက၊နှံစားပြောင်း (၁၅)ဧက၊ အစေ့ထုတ် ပြောင်း (၄၂၅၃၈) ဧက၊ ဖူးစားပြောင်း(၁၆၁၄)ဧက၊ မြေပဲ(၁၇၅၇)ဧက၊ နှမ်း(၅၅)ဧက၊ နေကြာ (၉)ဧက၊ သစ်စိမ့် (၁၁)ဧက၊ နာနတ်လျှော် (၁၇၀၀)ဧက၊ ကြက်ပေါင်စေး (၁၉၈၄၈)ဧက၊ ပဲပုတ်(၂၅၇၀) ဧက၊ ပဲစဉ်းငုံ(၁၂) ဧက၊ ငရုတ်(၃၅)ဧက၊ အခြားဟင်းခတ် (၂၆၁)ဧက၊ ချက်ကြံရင့်(၄၄၃)ဧက၊ ချက်ကြံနု(၂၅၇) ဧက၊ လက်ဖက် (၁၀၀၃)ဧက၊ ကော်ဖီ(၁၆၉)ဧက၊ ပိုးစာ(၁၁၂)ဧက၊ ဌက်ပျော(၇၇၆)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး ဒေသခံများ အနေဖြင့် လယ်ယာလုပ် ငန်းခွင်များတွင် အလုပ်ဝင်ရောက်လုပ်ကိုင်မှုများနေကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)