မိုးညှင်း ဇူလိုင် ၂၅
ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ်တွင် မြန်မာ့ရိုးရာခြင်းလုံးအလှပြ ခတ်ပြခြင်းနှင့် အမျိုးသားပိုက်ကျော်ခြင်း ချစ်ကြည်ရေးအားကစားပြိုင်ပွဲကို ဇူလိုင် (၂၄) ရက် ညနေ (၃) နာရီခွဲက ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက မြန်မာ့ရိုးရာခြင်းလုံး အားကစားကို ချစ်မြတ်နိုးတတ်စေရန်၊ မိမိတက္ကသိုလ် မိမိဂုဏ်သိက္ခာအတွက် ထိန်းသိမ်းတတ်စေရန်၊ ကျောင်းသားကျောင်းသူများမှ ခြင်းလုံးပညာကို စိတ်ပါဝင်စားမှုဖြစ်ပေါ်လာစေရန်၊ ခရိုင်နှင့်ပြည်နယ်အဆင့် လက်ရွေးစင် အားကစားသမားများ ပါဝင်ပြိုင်သည့်အတွက် လေးစားအားကျ အတုယူတတ်စေရန်၊ တရားသောယှဉ်ပြိုင်ကစားခြင်းဖြင့် အနိုင်ယူတတ်စေရန်နှင့် သန့်ရှင်းမျှတစွာ ကစားနိုင်စေရန်စသည်တို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ ယှဉ်ပြိုင်ကစားကြမည့် အားကစားသမားများနှင့် တစ်ဦးချင်းအလိုက်မိတ်ဆက် ပြောကြားကာ မိုးညှင်းမြို့နယ် မြသိန်းတန်ဝိုင်းခြင်းအဖွဲ့မှ မြန်မာ့ရိုးရာခြင်းလုံးအလှပြ ခတ်ပြခဲ့ကြပြီး ခရိုင်နှင့် မြို့နယ်တို့မှ ပိုက်ကျော်ခြင်း ကိုယ်စားပြုအသင်းများနှင့် တက္ကသိုလ်လက်ရွေးစင် ပိုက်ကျော်ခြင်း (က) အသင်းနှင့် (ခ)အသင်းတို့ အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ထို့နောက် ခရိုင်နှင့်မြို့နယ်တို့မှ ကိုယ်စားပြု အားကစားသမားများအား မိုးညှင်းတက္ကသိုလ်မှ တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း (ပြန်/ဆက်)