လားရှိုး ဇူလိုင် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပန်းခင်းစီမံချက်-၂ ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လားရှိုးမြို့ ၊သီရိမဟာ ရပ်ကွက်၊ ရပ်ကွက်(၁)အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ကွင်းဆင်းဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလင်းအောင်နှင့် ခရိုင်၊ မြို့နယ်ဝန်ထမ်းများနှင့်အတူ ပန်းခင်းစီမံချက်-၂ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကျန်ရှိမှု မဖြစ်ပေါ်စေရေးအတွက်ရည်ရွယ်၍ " လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ရပ်ကွက်၊ ကျေးရွာနေ ပြည်သူတိုင်း နိုင်ငံသားကတ်များရရှိစေလိုခြင်းဖြင့် ပြုလုပ်ပေးခြင်းဖြစ်ရာ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းများ စိစစ်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အနေဖြင့် ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းကာ နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းများ ပြုလုပ်ပေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)