တံတားဦး ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဝါးခြင်းရက်လုပ်နည်း(အခမဲ့)သင်တန်းကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ဖွင့်လှစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က အမှာစကားပြောကြားပြီး တံတားဦခရိုင်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင် ဒေါ်ဆွေဆွေဝင်းက ဝါးခြင်းရက်လုပ်နည်းသည် အလွန်လွယ်ကူပါကြောင်း၊ ဝါးခြင်းသည် ပစ္စည်းမျိုးစုံကို ထည့်နိုင်သည့်အပြင် ခရီးသွားလာသည့်အခါ ပစ္စည်းများကိုထည့်၍ သယ်ဆောင်နိုင်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ဝါးခြင်းရက်လုပ်နည်းကို ကွက်သစ်ရပ်မှ ဒေါ်မြမြစန်းနှင့်အတူ လက်တွေ့သင်ကြားပေးသည်။
ဝါးခြင်းနှင့်နှီးခြင်းရက်လုပ်ရန်အတွက် ဝါးနှင့်နှီးများကို မန္တလေးမှဝယ်ယူရကြောင်း၊ ဝါးကို အထပ်ထပ် လွှာလိုက်ပါက နှီးဖြစ်လာပါကြောင်း၊ နှီးတစ်ပိဿာလျှင် ငွေကျပ်(၃၅၀၀) ပေးဝယ်ရကြောင်း၊ ဝါးခြင်းနှင့် နှီးခြင်းယက်လုပ်နည်းသည် အတူတူပင်ဖြစ်ပါကြောင်း၊ ဝါးခြင်းဖြင့် လူသုံးကုန်ပစ္စည်းများ၊ ဝါးကုလားထိုင်၊ ဝါးဖာ၊ ကန်တော့ပစ္စည်းများထည့်ရန် ဝါးခြင်းအကြီးအသေးများ စသည့်တို့ကို ရက်လုပ်နိုင်ပါကြောင်း ကန်တော့ပစ္စည်းခြင်း တစ်လုံးလျှင်(၂၈၀၀)ကျပ်၊ ဝါးဖာတစ်လုံးလျှင် (၁၅၀၀) ကျပ်၊ ကုလားထိုင် တစ်လုံးလျှင် (၇၀၀၀) ကျပ်ဈေးဖြင့် ရောင်းချပေးရရှိနိုင်ပါကြောင်း တံတားဦးမြို့ အမှတ်(၁)ရပ် ကွက်သစ်ရပ် ခြင်းရက်လုပ်သူ ဒေါ်မြမြစန်းထံမှသိရသည်။ အဆိုပါ သင်တန်းကို (၂)ရက်ကြာဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသို့ တံတားဦးခရိုင်/မြို့နယ်တို့မှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
ဦးရဲတင့်(ပြန်/ဆက်)