ပူတာအို ဇူလိုင် ၂၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ရေခဲတောင်ဒေသအပါအဝင် ရေခဲတောင်များဖုံးလွမ်းရာ တိဘက်ကုန်းမြင့်ဒေသနှင့် ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ တစ်သောင်းအထက်တွင်သာ ရှာဖွေတွေ့ရှိနိုင်သည့် ဆေးဖက်ဝင် ရှီးပတီး(ခေါ်) ပိုးဆေးနွယ်ရှင်သည် ခက်ခက်ခဲခဲ ရှာဖွေရသော ဆေးဖက်ဝင်တစ်မျိုးဖြစ်သည်။
“ရှီးပတီးရှာဖို့ဆိုတာ လွယ်တလိုလိုနဲ့ တကယ်တမ်းတော့မလွယ်ပါဘူး။ ဆောင်းတွင်းပွင့်လင်းရာသီ ခရီးသွားရာသီမှာဆို ကျွန်တော်တို့က ခရီးသွားဧည့်သည်တွေနဲ့အတူ ဧည့်လမ်းပြလုပ်ရင်း ရေခဲတောင်ပေါ်တို့ ပို့ဆောင်ပေးပါတယ်။ အဲဒီခရီးသွားရာသီကုန်တာနဲ့ တစ်ပြိုင်တည်း ကျွန်တော်တို့ရဲ့ ဝမ်းစာစားဝတ်နေရေးအတွက် ဝင်ငွေရရှိနိုင်တဲ့ ရှီးပတီးရှာဖို့ ရာသီရောက်ရှိလို့ လာပါတယ်”ဟု ကိုယ်တိုင်ရှီးပတီးရှာဖွေသူ ဒေသခံတစ်ဦးကပြောသည်။
ဆေးဖက်ဝင် ရှီးပတီး(ခေါ်)ပိုးဆေးနွယ်ရှင် ရှာဖွေနိုင်ရန်အတွက် ဧပြီလနှင့် မေလများတွင် တောင်ပေါ် ရေခဲအစပ်နှင့် ရေခဲတောင်သို့ ခက်ခက်ခဲခဲ ရိက္ခာစုဆောင်းပို့ဆောင်နေရမှု အဆင့်ဆင့်များကိုလည်း ၎င်းက ယခုလိုဆက်လက်ပြောကြားသည်။
“ရှီးပတီးရှာဖို့ရန်အတွက် ဧပြီလအလယ်လောက်မှာ တောင်ပေါ်သို့ ရိက္ခာအရင်တစ်ခါသွားပို့ရတယ်။ ပြီးတော့မှ မေလဆန်းရောက်တာနဲ့တော့ ပြန်တစ်ခါကျန်တဲ့ရိက္ခာအပြည့်ထမ်းပြီး မနိုင်မနင်း တောင်ပေါ်ကို တက်ကြရတယ်။ ဘာကြောင့်လဲဆိုတော့ လနဲ့ချီနေရမှာမို့ တစ်ခါထဲထမ်းပို့ရင် ရိက္ခာမလောက်ပါဘူး။ ပြီးတော့ ခက်ခက်ခဲခဲနဲ့ အလေးကြီးတွေထမ်းပြီး တောင်ပေါ်ရောက်တာနဲ့ ရှာရတာမဟုတ်ဘူး။ တောင်အောက်က ရေခဲစပ်မှာနေပြီး ရှီးပတီမှော်ထဲက ကိုယ်နေမဲ့နေရာအထိ တစ်ဆင့် ထင်းပြန်ထမ်းရတယ်။ ခရီးကဝေးတော့ တစ်ရက်ကို တစ်ခေါက်လောက်ပဲ ထမ်းလို့နိုင်တယ်။ အဲလိုထင်း၊ ရိက္ခာတွေကို ကြိုတင်ပို့ဆောင်စုဆောင်းပြီး အားလုံးအဆင်သင့် ဖြစ်သွားပြီးဆိုမှ ရေခဲအစပ်ကနေ မှော်ထဲကို ပြောင်းပြီးရှာကြရတယ်”ဟုပြောသည်။
ရှီးပတီး(ခေါ်)ပိုးဆေးနွယ်ရှင်သည် ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ တစ်သောင်းအထက်တွင်သာ သဘာဝအလျောက်ပေါက်ရောက်သော ဆေးဖက်ဝင်တစ်မျိုးဖြစ်ပြီး ရှီးပတီ(ခေါ်) ပိုးဆေးနွယ်ရှင် များကို အများအားဖြင့် ရေခဲများအရည်ပျော်သည့် ဇွန်၊ ဇူလိုင်၊ ဩဂုတ်စသည့် မိုးတွင်းကာလများတွင် သွားရောက်ရှာ ဖွေကြရသည်။
အဆိုပါရှီးပတီ(ခေါ်) ပိုးဆေးနွယ်ရှင်အကောင်များကို ပျားရည်၊ ဦးရေနှင့် အခြား ဆေးမြစ် ဆေးဉများနှင့် ရောစပ်ကာ ဆေးစိမ်ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ အကောင်လိုက်သော်လည်းကောင်း အမျိုးမျိုး ရောင်းဝယ်လျက်ရှိရာ ကျန်းမာရေးအတွက် အကျိုးပြုသော ဆေးဖက်ဝင်တစ်မျိုးဖြစ်ခြင်းကြောင့် ပူတာအိုဒေသသို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပခရီးသွားများက ဆေးအဖြစ်မှီဝဲရန်လည်းကောင်း၊ မိတ်ဆွေ သူငယ်ချင်းများကို လက်ဆောင်အဖြစ်ပေးရန်လည်းကောင်း မပါမဖြစ် ဝယ်ယူလျက်ရှိကြောင်းသိရသည်။
ဖုန်ကန်(ပူတာအို)