ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ နဂါးကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို၊ ရပ်ကွက်များ၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ကျောက်ဖြူ ဇူလိုင်  ၂၅

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နဂါးကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မြို့ပေါ်ရပ်ကွက်များ၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြသည်။

ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အလယ်ပိုင်းရပ်ကွက်ရှိ နဂါးကျောင်း ပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး ဆေးကုသမှုခံယူရာမှ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်သည့် ၎င်းကျောင်းတိုက်ဆရာတော် ပဓာနနာယက အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစက္ကိန္ဒာဘိဝံသအား သွားရောက်ဖူးမြော်ကြည်ညို၍ ကျန်းမာရေးအခြေအနေအား မေးမြန်းလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် အရာရှိရပ်ကွက်၊ စေတီတောင်ရပ်ကွက်နှင့် ကုလာဘာတောင်ရပ်ကွက်များသို့ သွားရောက်ကာ အဆိုပါ ရပ်ကွက်များ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် လူနေအိမ်များ၌ ပိုးလောက်လန်းများပေါက်ပွားနိုင်ခြေရှိသည့် ရေစည်ပိုင်းများ၊ ရေတိုင်ကီများနှင့် အုတ်ကန်များတွင် ပိုးလောက်လန်းသေအဘိတ် ဆေးခတ်ခြင်း၊ ဘုရား ညောင်ရေပန်းအိုးများ၊ ကားတာယာ‌ဟောင်းများနှင့် စွန့်ပစ်ပစ္စည်းများကို ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းနှင့် ရပ်ကွက်နေပြည်သူများကို အသိပညာပေး ဆောင်ရွက်နေမှု များအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း