မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော

မန္တလေး ဇူလိုင် ၂၅

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီ လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအတွင်းရေးမှူး ဒေါ်မြတ်စုမွန်က ကလေးများအတွက်အန္တရာယ်ရှိသည့် အလုပ်အမျိုးအစားများနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုခံနေရသည့် အလုပ်ကိုလုပ်ကိုင်နေကြသည့် ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှု အကြောင်းအရာအားလည်းကောင်း၊ ဒေါ်မိုးသီတာက စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်နှင့် အခြားလုပ်ငန်းပိုင်ရှင်များအနေဖြင့် အလုပ်သမားရေးရာဥပဒေများ လိုက်နာရန်လိုအပ်မှု အကြောင်းအရာများကိုလည်းကောင်း၊ ဒေါ်သန်းသန်း‌ငွေက ကလေးများလုပ်သောအလုပ်နှင့် ကလေးသူငယ်အခွင့်အရေးများ၊ ပညာသင်ကြားပိုင်ခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူပိုင်ခွင့်၊ မတော်မတရားမှု၊အကြမ်းဖက်မှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ အကာအကွယ်ပေးခွင့်၊ ပါဝင်ခွင့်အစရှိသည့်အကြောင်းအရာများကို ဟောပြောခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲသို့ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

မန္တလေးခရိုင်(ပြန်/ဆက်)