နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် အာဆီယံစွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ ဦးဆောင်ဦးရွက်ပြုမှုဆိုင်ရာ အသိပညာမျှဝေခြင်း စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားတက်ရောက်

နေပြည်တော် ဇူလိုင် ၂၅

အာဆီယံစွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ ဦးဆောင်ဦးရွက်ပြုမှုဆိုင်ရာ အသိပညာမျှဝေခြင်း စကားဝိုင်း ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရွှေပြည်တန်မိုတယ်၌ ကျင်းပရာ  နေပြည်တော် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး (MSME) အေဂျင်စီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များတက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော် MSME အေဂျင်စီဥက္ကဋ္ဌ၊  နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က အမှာ စကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် MSMEများ အခွင့်အရေးများ လက်ဝယ် ရရှိနိုင်ရန်နှင့် စိန်ခေါ်မှုများကို အတူတကွ ဖြေရှင်းပေးနိုင်ဖို့ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များဖြစ်သည့် လုပ်ငန်းများအတွက် အဓိကကျသည့် လိုအပ်ချက်များ ဖြစ်သော ကုန်ကြမ်း၊ သွင်းအားစု၊ ကျွမ်းကျင်လုပ်သား၊ အရင်းအနှီးစသည့် အချက်များပြည့်စုံစေရေး၊ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ အတန်းပညာအတတ်ပညာရရှိရေးတို့ကို ပံ့ပိုးဆောင်ရွက်ပေးရန်  လမ်းညွှန်ချက်များနှင့်အညီ ယခုကဲ့သို့ သင်တန်းများ တက်ရောက်နိုင်ဖို့ ချိတ်ဆက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ နေပြည်တော်မှာရှိသည့် MSME လုပ်ငန်းရှင်များအနေဖြင့် အသိပညာ၊ ဗဟုသုတ၊ အတွေ့အကြုံတွေများစွာရရှိခြင်းဖြင့် မိမိတို့လုပ်ငန်း၊ နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါများစွာ အထောက်အကူပြုနိုင်မှာ ဖြစ်ကြောင်း၊ ယခု AMEN Myanmar Project တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သင်တန်းတက်ရောက်ခဲ့ရာတွင်  ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်မှ သင်တန်းသားများအနေဖြင့် အဆင့် (၁) မှ (၁၀)အတွင်း ထူးချွန်စွာရရှိခဲ့သည့် အတွက် လွန်စွာမှ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊  နေပြည်တော် MSME အေဂျင်စီအနေဖြင့်လည်း နေပြည်တော် အတွင်း ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေးအတွက် အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များကို ထုတ်လုပ်ပြီး ထုပ်ပိုးမှုများကိုလည်း အရည်အသွေးကောင်းမွန်သည့်ထုပ်ပိုးမှု စနစ်ဖြင့် ပြည်တွင်းပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး၊ ပြည်တွင်းမှာ ထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများကို ပြည်ပမှတင်သွင်းမှုလျှော့ချပြီး သွင်းကုန်အစားထိုးကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ပြည်တွင်း စီးပွားရေးကို အားပေးမြှင့်တင်ရေး၊ နေပြည်တော်အတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များအားထုတ်လုပ်နိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို သက်ဆိုင်ရာဌာနများ၊ စီးပွားရေး အဖွဲ့အစည်းများ အားလုံးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြ စေလိုကြောင်း၊ သင်တန်းမှတဆင့်ရရှိခဲ့သည့် အသိပညာ၊ ဗဟုသုတတွေ၊ အတွေ့အကြုံတွေများကို အခြေခံပြီး မိမိတို့လုပ်ငန်းခွင်မှာ အကျိုးရှိရှိပြန်လည် အသုံးချဆောင်ရွက် စေလိုကြောင်းပြောကြား သည်။

ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဟိန်းဇော်က AMEN Project ဆိုင်ရာ အကြောင်းအရာများကို လည်းကောင်း၊ သင်တန်း တက်ရောက်ခဲ့ကြသည့် ဦးကျော်စွာဝင်း (အလှစု ဓာတ်ပုံရိုက်ကူးရေးလုပ်ငန်း)က Entrepreneurial Mind Setting နှင့် Marketing Mindset အကြောင်းကို လည်းကောင်း၊ ဒေါ်နန်းခင်အုန်း (NRD မျှစ်ခြောက်လုပ်ငန်း)က Business Model Canvas နှင့် Operations Management အကြောင်းကိုလည်းကောင်း၊ ဦးကျော်သက်ထွေး (နေပြည်တော်ပုံရိပ်သစ် သစ်ထွင်းလေဆာခြစ် ပန်းချီ မော်ဒန် Furniture လုပ်ငန်း)က Financial Management နှင့် Human Resource & Organization Management အကြောင်းကိုလည်းကောင်း၊ ဦးမောင်မျိုး(April Four Co., Ltd) မှ Product  Development, Market Expansion, Good Governance and Ethics အကြောင်းကို လည်းကောင်း၊ ဦးပြည့်ဖြိုးအောင်(မြန်မာသုခစားသောက်ကုန်လုပ်ငန်း) Digitalization နှင့် Supply and Value Chain အကြောင်းကိုလည်းကောင်း၊ အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် သင်တန်းတက်ရောက်ခဲ့ကြသူများက သင်တန်းတက်ရောက်ခြင်းမှတဆင့် ရရှိလာသည့် အကျိုးကျေးဇူးများ၊ အားနည်းချက်၊ အားသာချက်များအား  စကားဝိုင်းဖြင့် ဆွေးနွေးကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူ များက သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း( ပြန်/ဆက်)