တပ်ကုန်းမြို့၌ နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော် အောင်ပွဲကျင်းပ

တပ်ကုန်း ဇူလိုင် ၂၄

နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ ဆဌမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်အောင်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက ဘုရင့် နောင်ရပ်ကွက်၊ စန္ဒိမာ ရာမဂိုဏ်းထောက်စာသင်တိုက်၊ သာသနာ့ဂုဏ်ရည်ဓမ္မာရုံတွင် ကျင်းပရာ တပ်ကုန်းမြို့နယ် အနော်ရထာ ရပ်ကွက်၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တစန္ဒသိရီအရှင်သူမြတ်အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမြတ်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မခြောက်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆွမ်း၊​ ဘောစဉ် အလှူရှင်များ၊ ဧည့်ပရိသတ်များတက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက စန္ဒိမာရာမဂိုဏ်း ထောက်စာသင်တိုက်၊ သာသနာ့ဂုဏ်ရည်ဓမ္မာရုံအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်အား ဆွမ်း၊ ပန်း၊ ဆီမီးနှင့် ရေ​ချမ်း ဆက်ကပ်ပူဇော်ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသော ဧည့်ပရိသတ်များက မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တစန္ဒသိရီအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် ဆရာတော်သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ပရိသတ်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ လှူဒါန်းမှုအစုစုများအား နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်၊ ရွှေအင်းရိပ်သာပရိယတ္တိစာသင်တိုက်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာမိဆရာတော်က ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ပြီးနောက် အခမ်း အနားမှူးက နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ပြီး၊ ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ကြသည်။

တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ ဆဌမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ဇူလိုင် ၂၀ရက် မှ  ၂၄ရက်နေ့ အထိ (၅)ရက်တိုင်တိုင် ဆရာတော် ၂၄ပါးဖြင့် ရွတ်ဖတ်ပူးဇော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်