သထုံ ဇူလိုင် ၂၅
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ယမန်နေ့ မွန်းလွဲပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဌာနမှ ဦးစီးအရာရှိ ဦးအောင်ရဲကျော်က ၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေ၊ ၂၀၁၆ ခုနှစ် ဆိုင်များနှင့်အလုပ်ဌာနများ ဥပဒေနှင့် (ILO) ပြဌာန်းချက်တို့အရ ကလေးအလုပ်သမား၏ အသက်အရွယ်အပိုင်းအခြားနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အလုပ်သမားဥပဒေအရ အလုပ်လုပ်နိုင်သည့် အနိမ့်ဆုံးအသက်အရွယ်၊ ကလေးသူငယ်များနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်များ၊ ကလေးအလုပ်သမားများအတွက် ပညာရေး ကျန်းမာရေး လူမှုရေးစသည့် အထွေထွေထိခိုက်ဆုံးရှုံးမှုများ၊ အသက်အရွယ်မပြည့်သည့် ကလေးအလုပ်သမားများ ခိုင်းစေမှုနှင့်ပတ်သတ်၍ အလုပ်ရှင်များအပေါ် အကျိုးသက်ရောက်သည့် ဥပဒေအချက်အလက်များ၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း ကလေးအလုပ်သမားပပျောက်ရေး ဆောင်ရွက်နေမှုများ၊ စက်ရုံ အလုပ်ရုံအသီးသီးတို့၌ ကလေးအလုပ်သမားများနှင့်ပတ်သတ်သည့် ညွှန်ကြားထားမှုများ စသည်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါအခမ်းအနားတွင် သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများတို့ကို နံရံကပ်စာစောင် ခင်းကျင်းပြသထားရာ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ ဆက်)