မန္တလေး၊ အောက်တိုဘာ ၁၃
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် လွှတ်တော်ရွေးကောက်ပွဲများအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ခန့်စာပေးအပ်ခြင်းအခမ်းအနားကို ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်(၆၂)၊ ၁၆ လမ်းနှင့် ၈၆ လမ်းထောင့်ရှိ အမြောက်တန်းသစ်လွင် ဓမ္မာရုံတွင် ကျင်းပသည်။
အခမ်းအနားတွင် အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီးက အဖွင့် အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဒေါ်နှင်းနှင်းက မဲဆန္ဒရှင်ပြင်ပရောက် ပုံစံ(၁၅)ဖြင့် တောင်းဆို ထားသော မဲဆန္ဒရှင်များ၏ မဲရုံအမှတ်နှင့် မဲစာရင်းအမှတ်စဉ်များကို ပေးပို့ကြရန် မှာကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ ဝင်များ၏ခန့်စာများကိုပေးအပ်ရာ ရပ်ကွက်မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ကိုယ်စား ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများက လက်ခံရယူကြသည်။
အဆိုပါအခမ်းအနားသို့ အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)