မူဆယ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် မွေးကင်းစမှ (၁)နှစ်ခွဲအရွယ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို လစဉ်လတိုင်း ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်

မူဆယ် ဇူလိုင် ၂၅  

ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် မွေးကင်းစမှ (၁)နှစ်ခွဲ ကလေးငယ်များအား ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်(၄)လအရွယ်မှစ၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လစဉ်လတိုင်း စဉ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိပါသည်။

မူဆယ်မြို့၊ ပြည်သူ့ဆေးရုံကြီးရှိ မိခင်နှင့်ကျန်းမာရေးဌာနတွင် အမျိုးသမီးကျန်းမာရေးဆရာမကြီး ဒေါ်နော်ဘလဲဇင်းနှင့် တာဝန်ကျသူနာပြုဆရာမများက လစဉ်လတိုင်းတွင် ရက်သတ္တပတ်၏ အင်္ဂါ၊ ကြာသပတေးနှင့် သောကြာနေ့ (၃)ရက်အား မွေးကင်းစမှ (၁)နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား လအလိုက် လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ၊ ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းနှင့် လအလိုက် ကလေးငယ်များကို အားဆေးထိုးနှံပေးခြင်းများ စဉ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိပြီး ရက်သတ္တပတ်၏ တနင်္လာနေ့နှင့် ဗုဒ္ဓဟူးနေ့ (၂)ရက်တွင် ကိုယ်ဝန်ဆောင်မိခင်များကို ကိုယ်ဝန်(၄)လအရွယ်မှစ၍ လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများ၊ ကိုယ်ဝန်လအလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းများနှင့် ကိုယ်ဝန်ဆောင်ကာလအတွင်း ဆောင်ရန်၊ ရှောင်ရန်တို့ကို အသိပညာပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဇူလိုင်လ(၂၀)ရက်နေ့၌ မွေးကင်းစမှ (၁)နှစ်ခွဲအရွယ်အထိ ကလေးငယ်(၁၁၄)ဦး ကာကွယ်ဆေးထိုး၊ ဆေးတိုက်‌ ဆောင်ရွက်ပေးလျက်ရှိပြီး ဇူလိုင်လ(၂၁)ရက်နေ့တွင် ကိုယ်ဝန်ဆောင်မိခင် (၄၀)ဦး စမ်းသပ်စစ်ဆေးပေးလျက်ရှိကြောင်း သိရှိရပါသည်။

ခရိုင်(ပြန်/ဆက်)