မုံးကိုးမြို့၌နယ်စပ်ဂိတ်များ သန့်ရှင်းသာယာလှပစေရန် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

မုံးကိုး ဇူလိုင်၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင်နယ်စပ်ဂိတ် သန့်ရှင်းသာယာလှပရေးအတွက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးနှင့် လိုအပ်သည်များကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် အရှေ့တိုင်းစစ်ဌာနချုပ်မှ ဒုတပ်မမှူးနှင့် တပ်မတော်သားများ၊ မြို့အုပ်ချုပ်ရေးမှုး ဦးလျံရှင်းမုံနှင့်တကွ မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့လဝကမှူးနှင့် လဝက ဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ကျန်းမာ‌ရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ အရာရှိများနှင့် ဝန်ထမ်းများ၊ ဒေသခံလူမှု‌ရေးအသင်းအဖွဲ့များဖြင့် အဖွဲ့များခွဲကာ မုံးကိုးဂိတ် ပတ်ဝန်းကျင်၌ရှိသော အမှိုက်များအား ရှင်းလင်းခြင်း၊ ပေါင်းမြက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်များ၊ ခြုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေချောင်းတွင် ပိတ်ဆို့နေသော အမှိုက်တို့ကို ရှင်းလင်းဆောင်ရွက်ခဲ့ကြပြီး အမှိုက်များကို စည်ပင်အမှိုက်ကားဖြင့် စနစ်တကျ စွန့်ပစ်ရှင်းလင်းခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါသန့်ရှင်းရေးကို ဝိုင်ဝန်းပြုလုပ်ခဲ့ခြင်းသည် နယ်စပ်ဒေသရှိ ပြည်သူများနှင့် ဌာနဆိုင်ရာများသည် နယ်စပ်မုံးကိုးဂိတ်ကို ပိုမိုလှပစေလိုသော စိတ်ထားကို တွေ့မြင်ရကြောင်းကိုပါ သိရှိခဲ့ရပါသည်။

မေစံပယ်ဖူး(မုံးကိုး)