ပြင်ဦးလွင်မြို့တွင် Green Challenge Association ၏ ၂၀၂၃ ခုနှစ် မိုးရာသီ အဋ္ဌမအကြိမ်မြောက် အပင်စိုက်ပျိုးခြင်း ဆောင်ရွက်

ပြင်ဦးလွင် ဇူလိုင် ၂၅

၂၀၂၃ ခုနှစ် မိုးရာသီတွင် ပြင်ဦးလွင်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများ၌ သစ်ပင်သစ်တောများဖြင့် စိမ်းလန်းစိုပြည်စေရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပူပြင်းလာမှုလျှော့ချရေးနှင့် မြေအောက်ရေခမ်းခြောက်မှုမှ ကာကွယ်ရေးတို့အတွက် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် Green Challenge Association ၏ ၂၀၂၃ ခုနှစ် မိုးရာသီ အဋ္ဌမ အကြိမ်မြောက် အပင်စိုက်ပျိုးခြင်း အစီအစဉ်ကို ဇူလိုင်လ ၂၃ ရက်နေ့က ပြင်ဦးလွင်မြို့၊ ဆင်ဖြူအင်းကျေးရွာ၊ သာစည်တောင်တော်၊ ဆင်ဖြူရှင်ဘုရားတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အပင်စိုက်ပျိုးမှုတွင် အပင်ပေါင်း (၉၀၀) ကျော်အား ဘုရားတောင်ခါးပန်း၊ တောင်တက် တောင်ဆင်းလမ်းတလျှောက်နှင့် ဘုရားအဝင်လမ်းတလျှောက်တို့တွင် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရပြီး အပင်စိုက်ပျိုးမှုတွင် GCA အဖွဲ့ဝင်များအပြင် သစ်တော/သစ်ပင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်လိုသူများ ၊ ဒေသခံရွာလူကြီးများ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့ Green Challenge Association (GCA) အဖွဲ့သည် သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းအပြင် မျိုးစေ့မြေဆွေးလုံး/သစ်စေ့မြေလုံး (seed balls) များ ကြဲချစိုက်ပျိုးခြင်း လုပ်ငန်းများကို မီးပုံပျံဖြင့်လည်းကောင်း၊ လောက်လေးဂွများဖြင့်လည်းကောင်း၊ ပထမအကြိမ်အဖြစ် ၂ဝ၂၃ ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့က  ပြင်ဦးလွင်မြို့ နယ်၊ ပေပင်ကျေးရွာအုပ်စု မန္တလေး-ပြင်ဦးလွင် ကားလမ်း၊ ၉မိုင်မီးသတ်ကျွန်းတွင် မျိုးစေ့အလွတ် (၇၀)ပြည်ခန့်နှင့် မျိုးစေ့မြေဆွေးလုံး (၅၀၀၀၀) ကျော် ကြဲပက်နိုင်ခဲ့ပြီး  လာမည့် ၂၀၂၃ ခုနှစ်ဩဂုတ်လ (၁) ရက်နေ့တွင်လည်း ဒုတိယအကြိမ်အဖြစ် မျိုးစေ့မြေဆွေးလုံးများ ကြဲချစိုက်ပျိုးခြင်းလုပ်ငန်းကို  မီးပုံးပျံဖြင့် လည်းကောင်း၊ လောက်လေးခွများ ဖြင့် လည်းကောင်း၊ ပြင်ဦးလွင်မြို့နယ်၊ သံတောင် ကျေးရွာအုပ်စု၊ ပြင်ဦးလွင်- ကျောက်ဆည်ခရိုင်ချင်းဆက်လမ်း (သံတောင်-ရဲရွာကားလမ်း) တလျောက်တွင် ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း Green Challenge Association (GCA)  ဥက္ကဋ္ဌ ဦးအောင်မျိုးပိုင် ၏ ပြောကြားချက်အရ သိရသည်။

ဖြူလူသစ်(ပြန်/ဆက်)