ကျောက်ဆည် ဇူလှိုင် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် ဆန်စပါးနှင့်အတူ ငရုပ်၊ ကြက်သွန်၊ ဝါသီးနှံများအပြင် ဆီထွက်သီးနှံအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ဟင်းသီး၊ ဟင်းရွက်နှင့် သီးပင်၊ စားပင်များ တွဲဖက်စိုက်ပျိုးလျက်ရှိရာ ပတ္တာကျေးရွာတွင် ပန်းမုန်လာသီးနှံစိုက်ပျိုး ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပန်းမုန်လာသီးနှံ စိုက်ပျိုးရာတွင် အပင်အသေအပျောက်မရှိစေရေးနှင့် စိုက်ခင်းအောင်မြင်ဖြစ်ထွန်းရေးအတွက် မျိုးစေ့များကို မျိုးထုပ်တွင် ပျိုးထောင်းပြီး သန်မာသည့်ပျိုးပင်များအား ရွေးချယ်စိုက်ပျိုးကြကြောင်း၊ မျှားနီတံဆိပ် ပန်းမုန်လာမျိုး တစ်ဧကစိုက်ပျိုးမည်ဆိုပါက မျိုးထုပ်(၅)ထုပ် ပျိုးထောင်ရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မြေပြင်ခြင်း၊ မျိုးစေ့နှင့်စိုက်ပျိုးစရိတ်၊ မြေဆွခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ မြေဩဇာနှင့်ဖျန်းဆေးများ၊ ရေသွင်းခြင်းနှင့် အထွေထွေကုန်ကျမှုများ စုပေါင်းပါက မြေအမျိုးအစားနှင့် ရာသီဉတုအပေါ်မူတည်၍ ငွေကျပ်(၅)သိန်းမှ (၇)သိန်းခွဲ ကုန်ကျကြောင်း ပန်းမုန်လာစိုက်ပျိုးသည့် တောင်သူဦးဆန်းဝင်က ပြောပြသည်။
ပန်းမုန်လာသီးနှံတစ်ဧကတွင် အပင်အရေအတွက် (၁)သောင်းနှစ်ထောင်ခန့် စိုက်ပျိုးနိုင်သော်လည်း ရောင်းတန်ဝင်အနေဖြင့် အပင်အရေအတွက်(၉)ထောင်ခန့်သာရောင်းချရကြောင်း ရောင်းချရာတွင် ပန်းမုန်လာသီးနှံ ဝယ်ယူသည့်ပွဲစားများက စိုက်ခင်းအထိ လာရောက်ကြည်ရှုပြီး အပင်နှင့်အပွင့်သန်မာမှုများကို ကြည့်ရှုပြီး ပန်းမုံလာတစ်ပင်အား ငွေကျပ်(၂၀၀)မှ (၃၀၀)ကျပ်အထိ ဈေးသတ်မှတ်ပြီး ပန်းမုန်လာအပင်အားလုံး (စိုက်ခင်းအပြတ်) ဝယ်ယူကြောင်းနှင့် ပန်းမုန်လာတစ်ဧက အောင်မြင်ပါက ငွေကျပ်(၁၈)သိန်းခန့် ပြန်လည်ရရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)