ပုဏ္ဏားကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိ

ပုဏ္ဏားကျွန်း ဇူလိုင် ၂၅

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၌ ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့၊ နေ့လယ်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်ပြီးနောက်ပိုင်းတွင် ပြန်လည် ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် နတ်ဆိပ်ကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။

ရှေးဦးစွာ အဆိုပါပူးပေါင်းအဖွဲ့သည်  နတ်ဆိပ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ နတ်ဆိပ်ကျေးရွာနှင့် စေတီရင်းကျေးရွာ ဒေသခံကျေးရွာသားများနှင့်တွေ့ဆုံ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦး ဦးကျော်နုတို့က ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဖြူး ပေးနေမှု၊ မုန်တိုင်းဘေးဒဏ်ခံရသည့် ကျေးရွာအုပ်စုများကို  နိုင်ငံတော်အစိုးရက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ပစ္စည်းများကို  ပြည်သူများ  လက်ခံရရှိခြင်း ရှိ/မရှိနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် မြေပြင်ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့ကြသည်။

ထိုနောက် ဌာနဆိုင်ရာများက မိမိတို့ ဌာန၏လုပ်ငန်းစဉ်များအား ချပြဆွေးနွေးပြောကြားပြီး၊ ကျေးရွာသူ၊ ကျေးရွာသားများက ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၂) တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး၊ ဆွေးနွေးပွဲတက်ရောက်လာကြသည့် ဒေသခံပြည်သူများကို ရွှေဝါဆပ်ပြာတောင့်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်