ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူကျောင်းတိုက်အတွင်း ထိခိုက်ပျက်စီးခဲ့မှု အခြေအနေများကို လှည့်လည်ကြည့်ရှု

စစ်တွေ ဇူလိုင် ၂၅

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင်  စစ်တွေမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူကျောင်းတိုက်အတွင်း ထိခိုက် ပျက်စီးခဲ့မှု အခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။

ရှေးဦးစွာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ပြည်နယ်ဝန်ကြီးများ၊တာဝန်ရှိသူများသည် စစ်တွေမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ‌ဇေတိပါလအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ထို့နောက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အဖွဲ့ဝင်များက မုန်တိုင်းဒဏ်ကြောင့် ကျောင်းတိုက်အတွင်း ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို မေးမြန်းလျှောက်ထားပြီး လိုအပ်သည်များကို ပြန်လည်ပြုပြင် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို လျှောက်ထားတင်ပြသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့ဝင်များသည် ကျောင်းတိုက်အတွင်း ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများနှင့် ကျောင်းဝင်းအတွင်းရှိ သကျမုနိဘုရားကြီး သိမ်တော် ထိခိုက်ပျက်စီးခဲ့မှု အခြေအနေများကို လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများက မူလလက်ရာအတိုင်း ပြန်လည်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က ယခုကျောင်းတိုက်ကြီးသည် သမိုင်းဝင်ကျောင်းတိုက်ကြီးဖြစ်သဖြင့် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလလက်ရာများအတိုင်း ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဘုရားဝင်းအတွင်းသန့်ရှင်း သပ်ရပ်ရေးကိုလည် ဆောင်ရွက်ပေးရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များအား တာဝန်ရှိသူ များကို မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်စည်ပင် သာယာရေး အဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးက စည်ပင်သာယာရေး လုပ်ငန်းများအားရှင်း လင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် ပစ္စည်းဝယ်ယူခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းအား တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရေး၊ အမှိုက်သိမ်းကားများဖြင့် အမှိုက်များကို သိမ်းယူ၍ သတ်မှတ်နေရာများ၌ စနစ်တကျစွန့်ပစ်ပေးရေး၊ ရပ်ကွက်နေပြည်သူများ စနစ်တကျအမှိုက်စွန့် ပစ်နိုင်ရန်အတွက် ခေါင်းလောင်းထိုးစနစ်ဖြင့် အမှိုက်သိမ်းဆည်းနေသည့် အမှိုက်ကားများကို လမ်းအလိုက်၊ ရပ်ကွက်အလိုက် အချိန်မှန် လှည့်လည်သိမ်းဆည်းနိုင်ရေးတို့အား မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့နယ် ရေချမ်းပြင် ကျေးရွာရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာတက္ကသိုလ် (စစ်တွေ) သို့ရောက်ရှိကြပြီး မိုခါ မုန်တိုင်းဒဏ်ကြောင့် စာသင်ဆောင်များ စာသင်ခန်းမများနှင့် ကျောင်းသား ကျောင်းသူများ၏ အိပ်ဆောင်များ ပျက်စီးခဲ့မှုအား ပြုပြင်ပေးနေမှုကို သွားရောက်စစ်ဆေးခဲ့စဉ်  ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်လှိုင်ဦးက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မုန်တိုင်းဒဏ်ခံနိုင်ရန် အတွက် အရိပ်ရလေကာပင်များ ရှင်သန်ကြီးထွားအောင် စနစ်တကျ စိုက်ပျိုးထိန်းသိမ်းကြရန်နှင့် ကျောင်းသား/သူများ အေးချမ်းစွာ ကျောင်းတက်ရောက် ပညာသင်ကြားနေမှုများကို ပြန်လည်ဆွေး နွေးမှာကြားခဲ့ပြီး စာသင်ခန်းအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)