ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် ဘုန်းတော်ကြီးကျောင်းများ၊ နေအိမ်များ တည်ဆောက်နေမှုများနှင့် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ထားသော မိုးစပါးစိုက်ပျိုးရန်အတွက် မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

မောင်တော  ဇူလိုင် ၂၅

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် မုန်တိုင်းဘေးကြောင့်‌ လေဘေးသင့်ပြီး ပျက်စီးခဲ့သော ကျေးရွာများတွင် ထပ်မံရောက်ရှိလာသော ဆန်ရိက္ခာခွဲဝေနေမှု၊ ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များ တည်ဆောက်နေမှုများနှင့် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ထားသော ကျားပျံမိုးစပါးစိုက်ပျိုးရန်အတွက် မြေပြုပြင်ထွန်ယက်နေမှုများအား ယမန်နေ့နေ့လယ်ပိုင်းက မြေပြင်ကွင်းဆင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် မုန်တိုင်းဘေးကြောင့်‌ လေဘေးသင့်ပြီး ပျက်စီးခဲ့သော ကျောက်ပန္ဒူ ကျေးရွာ၊ မြိုယုကျေးရွာ၊ ပဲရုံကျေးရွာ၊ အင်းဒင်ကျေးရွာနှင့် အောင်သုခကျေးရွာများရှိ ပြည်သူများအတွက် ထပ်မံရောက်ရှိလာသော ဆန်ရိက္ခာများအား အိမ်ထောင်စုများအလိုက် ဆန်များ ခွဲဝေဖြန့်ဝေနေမှုများ ကြည့်ရှုအားပေးပြီး ကျေးရွာများရှိ မုန်တိုင်းဘေးကြောင့်‌ လေဘေးသင့်ပြီး လုံးဝပျက်စီးခဲ့သော ဘုန်းတော် ကြီးကျောင်းများနှင့် နေအိမ်များ တည်ဆောက်နေမှုအား  ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးသည် ခရိုင်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ မုန်တိုင်းဘေးကြောင့်‌ လေဘေးသင့်ခဲ့သော  အင်းဒင်ကျေးရွာမှ တောင်သူ ၁၈ ဦး၏ ကွင်းအမှတ် ၁၅၅/ဃရှိ လယ်မြေ  ၅၀ ဧက နှင့် ကျောက် ပန္ဒူ ကျေးရွာမှ တောင်သူ ၈ ဦး၏ ကွင်းအမှတ် ၁၅၄/က ရှိ လယ်မြေ  ၁၇  ဧက အတွင်း နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ထားသော ကျားပျံ မိုးစပါး စိုက်ပျိုးနိုင်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာနမှ ထွန်စက်များဖြင့် လယ်မြေများအား မြေပြုပြင် ထွန်ယက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့ကြကာ  လိုအပ်သည်များကို တာဝန်ရှိများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်(ပြန်/ဆက်)