မအီ ဇူလိုင် ၂၅
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သည့် တောင်သူများသို့ ဟင်းသီးဟင်းရွက်မျိုးစေ့ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့သည်။
ဟင်းသီးဟင်းရွက်မျိုးစေ့ ပေးအပ်ပွဲအခမ်းအနားသို့ မအီမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပု၊ မြို့ပေါ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုက အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်စိုးမင်းက ဟင်းသီးဟင်းရွက်မျိုးစေ့ ပေးအပ်ပွဲအခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် စနစ်တကျစိုက်ပျိုးသည့် နည်းစနစ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက လက်ခဲရရှိသည့် မျိုးစေ့များအပေါ် စိုက်ပျိုးနည်းစနစ်များနှင့်အညီ အချိန်ကိုက် အချိုးကျ အသုံးပြုစိုက်ပျိုးနိုင်ရေးတို့အတွက် သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ စိုက်ပျိုးရေးဦးစီးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့သည်။
အဆိုပါ မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားတွင် ရုံးပတီ၊ တိုင်ထောင်ပဲ၊ တိုင်လွတ်ပဲ၊ ရွှေဖရုံ၊ ကျောက်ဖရုံ၊ ခရမ်း (လုံးညို)၊ ခရမ်း (စိမ်းရှည်)၊ ခရမ်း (ညိုရှည်)၊ ခရမ်း (လုံးကြီးစိမ်း)၊ ခရမ်းကြွပ် (အဖြူ)၊ ခရမ်းကြွပ် (ခရမ်း)၊ ခရမ်းကြွပ် (စိမ်းကြား)၊ သခွား၊ ငရုတ် (မိုးထောင်)၊ ငရုတ် (မိုးထောင်ဖြူ)၊ ချဉ်ပေါင်၊ ပဲလင်းမြွေ၊ ပဲစောင်းလျားနှင့် ကြက်ဟင်းခါး(ကျောက်စိမ်း) စသည့် ဟင်းသီးဟင်းရွက် မျိုးစေ့များကို မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)