ဆိပ်ကြီးခနောင်တို ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ၏ နိုင်ငံသား တစ်ဦးချင်းစီ ကိုယ်ရေးအချက်အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်များ (Biometric Data) ကောက်ယူခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲမှစ၍ အခြေခံပညာအထက်တန်းကျောင်း (အထက-ခနောင်တို) ခန်းမတွင် ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။
ဆောင်ရွက်ပေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးကျော်ခင်ဦးဦးဆောင်၍ ဝန်ထမ်းများက ဇူလိုင် ၁၈ ရက်နေ့မှစ၍ သတ်မှတ် ဦးတည်အုပ်စုအလိုက် အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသည့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီး၊ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များ(Biographic Data)နှင့် ဇီဝအချက်အလက်များ(Biometric Data)များကို တစ်ဦးချင်းစီအလိုက် စနစ်တကျ ဆက်လက်ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး မတူညီသည့် ဂဏန်း ၁၀ လုံးပါဝင်သည့် Unique ID နံပါတ် သတ်မှတ်၍ ကတ်ပြားများ ထုတ်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ ၂၁၀ ဦးအား ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ယခုကဲ့သို့ ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရေးအချက်အလက်(Biographic Data)နှင့် ဇီဝအချက်အလက် (Biometric Data)များ ကောက်ယူပေးခြင်းအပြင် အသက် ၁၀ နှစ်ပြည့်ပြီး အကြောင်းအမျိုးမျိုးဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း သတ်မှတ်စာရွက်စာတမ်းအထောက်အထားများ ပြည့်စုံပါက နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုပါ တစ်ဆက်တည်း ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ (IPRD)